ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ မူး
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး- KNU ထိန်းချုပ်နယ်မြေက အရပ်သား ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရခဲ့တယ်လို့ KNU က မနေ့ ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ် ၂ နာရီခွဲမှာ စစ်တပ်က ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ် စုံစင်ဖျားရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက်မှာ နတ်သံကွင်းရှိ စစ်ကောင်စီ စခန်းကနေ မူးမြို့နယ် ငနွားဆိပ်ရွာထဲ ၈၁ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်တာကြောင့် အသက် ၃၅ နှစ်အရွယ် မောင်စိုးလင်းခိုင်နဲ့ ၁၅ နှစ်အရွယ် မောင်မြင့်ခိုင်တို့ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၂၃ ရက်မှာ စစ်ကာင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ ၂၆၄)ကနေ လယ်ဒိုမြို့နယ် ကညင်ကျွန်းရွာထဲ ၈၁ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၅ နှစ်အရွယ် မဇင်မာဝင်း၊ ၅၉ နှစ်အရွယ် ဒေါ်ဌေးလှိုင်၊ ၄၃ နှစ်အရွယ် မမြဝင်းတို့ ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်း သေဆုံးသူ တစ်ဦးနဲ့ ဒဏ်ရာရသူ ၆ ဦးအထိ ရှိပြီး နေအိမ် ၁၁ လုံးလည်း ပျက်စီးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။