လွေးလာဝ်ဇာရ်၊ မတ်လ ၄ ရက်၊ ဖားကန့်
ကချင်ပြည်နယ် ဖားကန့်မြို့ ကလပ်ကုန်းလမ်းကြားမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၁ ဦးအပါအဝင် ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မတ်လ ၄ ရက် နေ့လယ် ၁ နာရီခွဲကျော်က ကလပ်ကုန်းလမ်းကြားမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ်။
ဖားကန့်ဒေသခံ Tarlin Mg က “လက်နက်ကြီးက ဘယ်ကနေ ထုနေကြမှန်းတော့ မသိဘူးဗျ။ ပစ်နေကြတာပဲ။ စက်လက်သံတွေကော ပစ်နေကြတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးကြောင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေး ၁ ဦးနဲ့ ၇၀ နှစ်အရွယ် ဒေါ်ဂျာဖာလုဆိုသူတို့ ဒဏ်ရာ ရရှိခဲ့ပေမဲ့ လက်ရှိ ဒဏ်ရာအခြေအနေကတော့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
မနေ့ မတ်လ ၃ ရက် နေ့လယ် ၂ နာရီ ၅၅ မိနစ်မှာလည်း စစ်တပ်ဟာ တပ်မကုန်းနဲ့ ဆန်းကြွယ်ဘုရားကုန်းကနေ ဒေသခံတွေ နေထိုင်တဲ့ ရပ်ကွက်ဘက် လက်နက်ကြီး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကချင်တပ်မတော်- KIA ပူးပေါင်းတပ်နဲ့ မနေ့ မတ်လ ၃ ရက်မှာ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။
ဖားကန့်မှာ စစ်တပ်က နေ့စဉ်လိုလို လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုလည်း နေ့စဉ် ရှိနေပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေး တင်းမာနေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။