ပို့လဘား၊ ဒီဇင်ဘာ ၂၀ ရက်၊ ပခုက္ကူ
မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ပခုက္ကူမြို့နယ် ဇောင်ဂျမ်းကုန်းရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ရွာတွင်းထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ကျေးရွာအတွင်း ဒေသခံတွေသိုလှောင်ထားတဲ့ ရိက္ခာတွေကိုလည်း သယ်ယူသွားခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီဘက်မှာ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး။ စစ်ကြောင်းထိုးလာပြီး နေအိမ် ၂၄ အိမ် မီးရှို့သွားတယ်လို့ သိရတယ်။ ပြည်သူတွေလည်း ဖမ်းဆီးသွားတာရှိတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကြောင့် ပခုက္ကူမြိူ့နယ်နဲ့ မြိုင်မြို့နယ်ရှိ ကျေးရွာ ၅ ရွာ ထက်မနည်း ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာပြီး ဒေသတွင်းရှိကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံတွေကိုလည်း သတ်ဖြတ်တာတွေလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်ကလည်း မြိုင်အရှေ့ဘက်ခြမ်းရှိ ၄ နှစ်နီးပါးကြာ စစ်ရှောင်နေတဲ့ ကင်းရွာခံရဲ့
ကောက်သီးပဲနှံ သိမ်းဆည်းထားတဲ့ ယာတော ၈ လုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။