လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၃၀ ရက်၊ ကောလင်း
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အရှေ့ဘက်ခြမ်းက ငါးကြီးအိုင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်ကတည်းက ဝန်းသိုတပ်ဘက်ကနေလာတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီမှာ ငါးကြီးအိုင်ရွာထဲ ဝင်ရောက်လာပြီး ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ကောလင်းအင်ဖိုမှ တာဝန်ခံတစ်ဦးက ပြောပါတယ်။
ကောလင်းအင်ဖိုမှ တာဝန်ခံတစ်ဦးက “နေအိမ် ဘယ်လောက်လောင်သွားလဲဆိုတာ မသိရသေးဘူး။ စကစ က အဲရွာထဲမှာ တပ်ဆွဲထားနေတုန်းဘဲ။ ရွာထဲမှာတော့ ပြည်သူတွေအားလုံးက ကြိုပြီး တိမ်းရှောင်နေကြတယ်” လို့ ပြောပါတယ်။
ငါးကြီးအိုင်က ဒေသခံတွေကတော့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန်ကစပြီးတော့ ဘေးလွတ်ရာကို ကြိုပြီး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
ကျေးရွာတွေကို ဝင်ရောက် မီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေဟာ ငါးကြီးအိုင်ရွာထဲနဲ့ ပေကုန်းရွာရဲ့ အနီးတစ်ဝိုက်တွေမှာဘဲ တပ်ဆွဲထားတုန်းလို့ သိရပါတယ်။
ဒါ့အပြင် ဒီနေ့ ဇန်နဝါရီ ၃၀ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က ဝန်းသိုတပ်ဘက်ကနေ ကောလင်းတောင်ဘက်ကို ဟောင်ဝှစ်ဇာ ၇ လုံးနဲ့ ကာမီကာဇေ (အသေခံဒရုန်း) ၃ စီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကောလင်းအင်ဖိုက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်မှာလည်း ကောလင်းမြို့နယ်အရှေ့ဘက်ခြမ်းက ရှမ်းကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
ကောလင်းမြို့နယ်ထဲကို စစ်ကောင်စီတက်ဘက်က စစ်ကြောင်းထိုးကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားခဲ့တဲ့အပြင် လေကြောင်းအသုံးပြုပြီး မကြာမဏ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။