မြတ်နိုး၊ ဇန်နဝါရီ ၁၁ ရက်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ မြို့ရှောင်လမ်းမှာ မနေ့ ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းမှာ ငွေတောင်းနေခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့ ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်း ရွှေဘို မြို့ရှောင်လမ်းမှာ ကင်းပတ်တဲ့ ရဲကား တစ်စီးက ရဲတွေ ပစ်သတ်ခံရတာ။ တချို့က နှစ်ယောက်သေတယ်ပြောတယ်။ တချို့ကလည်း သုံးယောက်သေတယ် ပြောတယ်။ အတိအကျတော့ မသိဘူး” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာတော့ ရွှေဘိုမြို့ရှောင်လမ်းကနေ ပေးမသွားတော့ပဲ ကားတွေကို မြို့ထဲလမ်းကနေ ပြောင်းပြီး သွားခိုင်းနေတယ်လို့ သူက ပြောပါတယ်။
“မြို့ရှောင်လမ်းမှာ ကားတစ်စီးနဲ့ ပိုက်ဆံ လိုက်လိုက်တောင်းနေတဲ့ ရဲ တွေ ပစ်သတ်ခံရတာ။ နှစ်ပွင့်၊ သုံးပွင့် ကောင်တောင်ပါသွားတယ်လို့ ကြားတယ်။ ဒီနေ့တော့ မြို့ရှောင်လမ်း ပြည်သူတွေ သွားခွင့် မရှိတော့ဘူးတဲ့” လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။
ပစ်သတ်ခံရတဲ့ ရဲတွေက မြို့ရှောင်လမ်းမှာ အမြဲတမ်း ငွေတောင်းနေတဲ့ ရဲတွေ ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ စောင့်ကြည့်ခံထားရတယ်လို့ယူဆရကာ ငါးယောက်သွားတဲ့ ထဲက လေးယောက်သေသွားတယ်လို့ သိရတယ်ေကြာင်း သူက ပြောပါတယ်။
စစ်ကိုင်းနဲ့ ရွှေဘိုဘက်တွေမှာတော့ လတ်တလောမှာ စစ်ကောင်စီက ကုန်တင်ကား စပယ်ယာတွေအပါအဝင် ရပ်ကွက်ထဲတွေအထိ ပေါ် ခပ်စိပ်စိပ် တာဆွဲနေသလို ဖြတ်သွားဖြတ်လာ တွေ့ကရာကားတွေကိုလည်း တားပြီး ငွေတောင်းကြမ်းနေတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။