ဝတ်ရည်၊ မတ်လ ၉ ရက်၊ ဖားကန့်
တိုက်ပွဲ ပြင်းထန်နေတဲ့ ဖားကန့်မြို့မှာ ဘုရားကျောင်းနဲ့ဒေသခံရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မတ်လ ၈ ရက် ညနေ ၆ နာရီ ၄၅ မိနစ်မှာ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် စနေဘုရားကျောင်းနဲ့ ဒေသခံနေအိမ် ၆ အိမ်ထက်မနည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
“ဒီနေ့မနက်တော့ နည်းနည်းငြိမ်တဲ့အခြေအနေမှာ ရှိတယ်။ မနေ့ကဆိုလည်း လက်နက်တွေနဲ့ ထုနေကြတာပဲ။ မနေ့ညနေ ၆ နာရီကျော်ကနေ ည ၁၂ နာရီကျော်အထိ နေအိမ်တွေ မီးလောင်ခဲ့တာ။ မီးရှို့ခံရတဲ့ နေအိမ်က ၆ အိမ် မကဘူး”
ပြီးခဲ့တဲ့ မတ်လ ၇ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ တိုက်ပွဲ ပြင်းထန်နေတဲ့ ဖားကန့်မြို့နယ် တာမခံကျေးရွာအုပ်စုထဲမှ ဒေသခံနေအိမ်ကို ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ နှစ်အရွယ် သားဖြစ်သူ ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဖားကန့်မြို့မှာ တိုက်ပွဲ လဝက်ကြာ ငြိမ်သက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ မတ်လ ၃ ရက်မှာ ပြန်လည် ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။