လွေးဇွန်မိုး၊ ဇန်နဝါရီ ၃၀ ရက်၊ ပလ
တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့က နေအိမ် ၇၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက် နေ့လည် ၁၂ နာရီမှာ ပလမြို့ အမှတ်(၄) ဆားဖိုဆိပ်ရပ်ကွက်ထဲကို အင်အား ၃၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၇၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပုလောပကဖ တာဝန်ခံက ရွှေဖီမြကို ပြောပါတယ်။
“ပလ အမှတ် (၄) ဆားဖိုဆိပ်ရပ်ကွက်မှာတော့ ၇၈ ဆောင်၊ ပလ အမှတ် ၁ နဲ့ ၂ မှာတော့ လူနေလို့မရတာ ၃ နှစ်ကျော်ပြီဆိုတော့ ဘယ်နှစ်ဆောင် ရှို့ခံရတယ်ဆိုတာတော့ သတင်းမရဘူးခင်ဗျား”
အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက် ည ၁၀ နာရီဝန်းကျင်မှာလည်း ပလမြို့ အမှတ် (၁) ရပ်ကွက်နဲ့ အမှတ် (၂) ရပ်ကွက် (ယခင်တိုကျေးရွာ)က နေအိမ်တွေကို မီးရှို့ခဲ့ပြီး မနေ့ ဇန်နဝါရီ ၂၉ ရက် နေ့လည်အထိ မီးလောင်နေပြီး ပျက်စီးသွားတဲ့ နေအိမ်အရေအတွက်ကိုတော့ မသိရဘူးလို့ ပုလော ပကဖ တာဝန်ခံက ပြောပါတယ်။
“နေ့လည်လောက်အထိတော့ လောင်နေတာ အတည်ပြုရပေမယ့် အခုတော့ ဆက်ပြီးလောင်တာရှိမရှိတော့ ထပ်မသိရသေးဘူးခင်ဗျား။ စကမ တပ်သားတွေရှိတဲ့ နေရာတွေဆိုတော့ အရေအတွက်မသိရဘူး ဖြစ်နေပါတယ်”
အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှာလည်း မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်အစပ်က စစ်ရှောင်တွေ နေထိုင်တဲ့ တဲနဲ့ တော်လှန်ရေးတပ်ရဲ့ ကျောက်တိုင်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။