ရဲမာန်၊ ဇန်နဝါရီ ၁၈ ရက်၊ ကောလင်း
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရပ်သား ၁ ဦးကို ပစ်သတ်သွားတယ်လို့ Kawlin Info က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းမှာ အင်အား ၂၀၀ ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကောလင်းအရှေ့ခြမ်း တောင်မော်ရွာက ဆိုင်ကယ်ပြင်ဆိုင်နဲ့ အပ်ချုပ်ဆိုင်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့တာအပြင် အရပ်သား ၁ ဦးကိုလည်း နှိပ်စက်သတ်ဖြတ်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
“အလောင်းကို ဒီမနက်က တောင်မော်ရွာမှာ တွေ့တာ။ မည်သူမည်ဝါမှန်း အတည်မပြုနိုင်သေးဘူး။ အသက် ၂၅၊ ၃၀ ဝန်းကျင်ရှိပါတယ်။ သေနတ်နဲ့ ပစ်သတ်သွားပါ”လို့ Kawlin Info မှ ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီရဲ့ အဆိုပါ စစ်ကြောင်းဟာ ဝန်းသိုနယ်ကနေ ၁၅ ရက်ကတည်းက ထွက်လာတာဖြစ်ပြီး ၁၆ ရက်နေ့မှာ ချဉ်ပစ်က ဈေးကို ပစ်ခတ်ပြီး ဝင်စီးခဲ့တာကြောင့် အရပ်သား ၁ ဦးလည်း ထိမှန်သေဆုံးခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
အဆိုပါစစ်ကြောင်းဟာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ – ၁၂၀) နဲ့ (၁၁၁) တပ်ရင်းတို့ဖြစ်ပြီး တောင်မော်ရွာမြောက်ဘက် တောင်ရိုးဘက်ကို ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့လည်း သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။