အလင်း၊ ဇန်နဝါရီ ၁၄ ရက်၊ ဖလမ်း
ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဘုရားကျောင်းအပါအဝင် နေအိမ်တွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၄ ရက်၊ နံနက် ၁ နာရီခန့်မှာ ဖလမ်းမြို့နယ်၊ လဲန်သဲကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ဗုံးနှစ်ကြိမ် ကြဲတယ်။ ပထမအကြိမ် RC ဘုရားကျောင်းအနီး ကြဲတယ်။ နောက်တကြိမ် ရွာအပြင်ဘက်မှာ ထပ်ကြဲတယ်။” လို့ ဖလမ်းဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။ဘုရားကျောင်းနဲ့ လူနေအိမ်တွေ ပျက်စီးသွားပေမဲ့ လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
“ဝေဘူလမြို့က တက်လာတဲ့ စစ်ကြောင်းနဲ့ ရွာက သိပ်မဝေးဘူး။ ပြီးတော့ တိုက်ပွဲဖြစ်တဲ့နေရာနဲ့လည်း သိပ်မဝေးတော့ ရွာသားတွေက တခြားနေရာဒေသဘက် တိမ်းရှောင်ကြတယ်။ ဒီမနက် လေကြောင်းတိုက်ခိုက်မှုမှာ လူထိခိုက်မှု မရှိဘူး” လို့ အထက်ပါ ဖလမ်းဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့တုန်းကလည်း ဖလမ်းမြို့နယ်၊ သီးဘွာလ်ရွာ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် တိုက်နယ်ဆေးရုံအပါအဝင် အိမ်ရာ ၆ ခု မီးလောင်ပျက်စီးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။