လွေးလာဝ်ဇာရ်၊ မတ်လ ၁၇ ရက်၊ ကွတ်ခိုင်
ကိုးကန့်တပ်- MNDAA ရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ထဲက ဒေသခံ ၂ ဦး သေဆုံးပြီး နေအိမ်ထိခိုက်ပျက်စီးမှုလည်း ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြအချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ရွာရဲ့ ဘုန်းကြီးကျောင်းထဲ MNDAA ရဲ့ ဒရုန်းဗုံးကြဲချတိုက်ခိုက်မှုကြောင့် မိုင်းထွန်းလှဆိုသူ ထိမှန်သေဆုံးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အရင်ဦးဆုံး ဘုန်းကြီးကျောင်းမှာ လာချတာ။ ဒရုန်းလာတာတွေ့တော့ ကတုတ်ကျင်းထဲ ပြေးဝင်ဖို့ လုပ်တဲ့အချိန်မှာ ကတုတ်ကျင်းထဲ မရောက်သေးဘူး။ ဒရုန်း လာချသွားတာ။ သူ့ကိုဘဲ ထိတယ်။ ပြီးတော့ မန်ထန်ရွာမှာလည်း ဒရုန်းကျပြီး လူထိတယ်လို့ ပြောတယ်။ အတိအကျ မရသေးဘူး”
လွယ်ဆိုင်ရွာထဲ MNDAA ရဲ့ ဒရုန်ဗုံးရာချီ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေလည်း ထိမှန်ပျက်စီးမှု ရှိတယ်လို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။
“ရွာထဲက နေအိမ်တွေတော့ တော်တော်များများ ပျက်စီးတယ်။ အတိအကျတော့ မသိရသေးဘူး။ ဗုံးအလုံး ၁၀၀ ကျော်ကျော်လောက် လာချတာ။ ကျနော့်ညီတစ်ယောက်ဘဲ ဆုံးတာ။ ကျန်တဲ့လူတွေက ဘယ်သူမှ ထိခိုက်မှုတော့ မရှိဘူး။ အကုန်လုံးက ကတုတ်ကျင်းထဲ နေ နေကြတာ။ ရွာက အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသား အနည်းဆုံး ၃ ယောက်လောက် ဖမ်းခေါ်သွားတယ်”
အလားတူ မနေ့ မတ်လ ၁၆ ရက်မှာလည်း နမ့်ဖတ်ကာမှာ ကြံ သွားခုတ်တဲ့ ပန်ကူရွာခံဖြစ်တဲ့ အသက် ၄၀ ကျော်အရွယ် ယာအိုင်ဆိုသူလည်း ဒရုန်းဗုံး ထိမှန်သေဆုံးသွားခဲ့ပါတယ်။
ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက “သူက နမ့်ဖတ်ကာဘက်ကို ကြံခုတ်ဖို့ သွားနေတာ။ သူတို့ပြောတာက ဒရုန်းလာတာ တွေ့တော့ သူကလေးကို သွားခေါ်ဖို့ လုပ်တဲ့အချိန်မှာ ဒရုန်း ကျပြီးတော့ သူ့ကို ထိသွားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မတ်လ ၁၅ ရက်ကလည်း ကွတ်ခိုင်မြို့နယ် ရွှေကမ္ဘာအေးဘုန်းကြီးကျောင်းကို MNDAA က ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် တိမ်ကျောင်းဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ ဘုန်းကြီးတစ်ပါးက မိန့်ပါတယ်။
“လူထိခိုက်မှုတော့ မရှိဘူး။ တော်သေးလို့ ကိုရင်တွေ ကြိုရှောင်ထားကြတယ်။ တိမ်ပေါ်မှာ တစ်လုံး ချတယ် တိမ်ဘေးမှာ တစ်လုံးရယ်။ ရခိုင်ဘုန်းကြီးကျောင်းအပေါ်မှာ တစ်လုံး ကျတယ်”
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်မှာလည်း ကွတ်ခိုင်မြို့အနီး အမျိုးသမီးတစ်ဦး ဒရုန်းဗုံး ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
ထိခိုက်မှုတွေဟာ ဒီထက်ပိုများနိုင်ပြီး အချက်အလက် အတိအကျကိုတော့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက် မနက်ပိုင်းကစပြီး ကွတ်ခိုင်မြို့အပါအဝင် မူဆယ်မြို့ ၁၀၅ မိုင်၊ နမ့်ဖတ်ကာ၊ မုံစီး စတဲ့နေရာ ၅ ခုထက်မနည်းက TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်ဘက်က အင်အားထောင်ချီ အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။