ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂ ရက်
စစ်ကောင်စီရဲ့ လက်ဝေခံ ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ် လောက်ကိုင်ရဲ့ ကျားဖြန်ခေါင်းဆောင်လို့လည်း လူသိများတဲ့ ပယ်ဆောက်ချိန်ရဲ့ သားဖြစ်သူ ပယ်ရင်ချန် (Bai Yingcang) အပါအဝင် ၎င်းရဲ့ မိသားစုဝင်တွေဖြစ်ကြတဲ့ ဟူးရှောင်ချိန် (Hu Xiaojiang)၊ ယန်လီချိန် (Yang Liqiang)နဲ့ ချန်ဂွမ်းယီ (Chen Guangyi) တို့ကို တရုတ်က မနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ သေဒဏ်စီရင်ခဲ့တယ်လို့ တရုတ်ပြည်တွင်း သတင်းဌာနတွေက ဖော်ပြကြပါတယ်။
တရုတ်နိုင်ငံ ကွမ်းတုံ (Grangdong) ပြည်နယ် ပြည်သူ့တရားရုံးက ၎င်းတို့ ၄ ဦးကို အွမ်လိုင်းနဲ့ လောင်းကစား လိမ်လည်မှု၊ လူကုန်ကူးမှု၊ ပြည့်တန်ဆာလုပ်ငန်း၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ လူသတ်မှု၊ လက်နက်ကိုင်မှု စတဲ့ ပြစ်မှုများစွာ ကျူးလွန်ခဲ့တယ်လို့ ဆိုထားပါတယ်။
ပယ်ရင်ချန်တို့ မိသားစုဝင် ၄ ဦးတို့ဟာ အဲဒီအမှုကနေတစ်ဆင့် တရုတ်ယွမ်းငွေ ၂၉ ဘီလီလျံ မတရား သိမ်းယူခဲ့သလို တရုတ်နိုင်ငံသား ၆ ဦးလည်း သေစေခဲ့ပြီး အများအပြားကိုလည်း ဒဏ်ရာရရှိစေခဲ့တာကြောင့် သူတို့ကို သေဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး မကွပ်မျက်ခင်မှာ ကျန်ရစ်တဲ့ သူတို့ဆွေမျိုးတွေနဲ့ တွေ့ဆုံခွင့်ပြုပေးခဲ့တယ်လို့ ဆိုပါတယ်။
ပယ်ဆောက်ချိန်ဟာ ၂၀၁၀ ဦးသန်းရွှေအစိုးရ မတိုင်ခင် မြန်မာစစ်တပ်လက်အောက်ခံ တိုင်းရင်းသားတပ်အဖြစ် လက်ခံခဲ့ပြီး စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ ကိုးကန့်ဒေသမှာ တန်ခိုးဩဇာကြီးမားလာတာဖြစ်သလို အွန်လိုင်းငွေလိမ်ဂိုဏ်းတွေလည်း တည်ထောင်လာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်မှာလည်း ကျားဖြန်ခေါင်းဆောင်လို့ လူသိကြတဲ့ မြီရှောက်ချိန်ကနေ သူတို့မြေးအထိ မိသားစုဝင်စုစုပေါင်း ၁၁ ဦးတို့ကို တရုတ်နိုင်ငံ ဆဲကျန့် (Zhejiang) ပြည်နယ် ဝမ်ဂျိုတရားရုံးက သေဒဏ်စီရင်ပေးခဲ့ပါတယ်။
မြီတို့ မိသားစုတို့ကိုလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်နေတဲ့ အတောအတွင်းမှာပဲ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး တရုတ်လက်ထဲ လွှဲပေးခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။