ဝတ်ရည်၊ ဖေဖော်ဝါရီ ၃ ရက်၊ ဖားကန့်
တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ လက်နက်ကြီး ထပ်မံကျရောက်ပေါက်ကွဲလို့ အသက် ၁၃ နှစ်အရွယ် ကလေးအပါအဝင် ၂ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၃ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ဖားကန့်မြို့ ဗျူဟာကုန်းကနေလာတဲ့ လက်နက်ကြီး ၁ လုံး ကာလီချောင်းအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
“လက်နက်ကြီးကတော့ ၁ လုံးပါ။ ဘယ်အဖွဲ့က ပစ်လဲတော့ သေချာမသိပါဘူးဗျ။ ဗျူဟာကုန်းကနေ လာတဲ့ လက်နက်ကြီးလို့တော့ သိရပါတယ်။ ဆွတ်ဘွမ် အမှိုက်ပုံဘက် တိုက်ပွဲပြင်းထန်နေပြီ။ အမှိုက်ပုံရွာဘက်က ပြည်သူတွေ စစ်ရှောင်နေရတယ်လို့ သိရပါတယ်”
ဒီနေ့ ဖေဖော်ဝါရီ ၃ ရက် မနက် ၅ နာရီဝန်းကျင်မှာလည်း ဖားကန့်မြို့ အမှိုက်ပုံရွာ မြို့ကုန်းရှိ နေအိမ် ၁ အိမ်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစုဝင် ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲတွေ တကျော့ပြန်လည်ပြင်းထန်နေတာကြောင့် ဖားကန့်က ဒေသခံအများစုဟာ စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေကြရတယ်လို့ ဆိုပါတယ်။
ဖားကန့်မှာ စစ်တပ်က နေ့စဉ်လိုလို လက်နက်ကြီးနဲ့ ဒရုန်း အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုလည်း တိုးလာနေပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်အကြားလည်း စစ်ရေး တင်းမာနေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။