ရဲမာန်၊ ဇန်နဝါရီ ၂၆ ရက်၊ အောင်လံ
မကွေးတိုင်း အောင်လံမြို့နယ် တပ်ကုန်းကျေးရွာက လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူတွေထဲက အသက် ၁၃ နှစ်အရွယ် မောင်လမင်းကိုကိုဆိုသူက ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၂ နာရီခန့်မှာ နေပြည်တော် လေတပ်တက် ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၃ လုံး အသုံးပြုပြီး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အောင်လံမြို့နယ် စစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ အောင်လံလူထုရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မနေ့က သွေးထွက်လွန်ပြီး သေဆုံးသွားတာ။ ဆေးရုံနဲ့ အလှမ်းဝေးတာရယ် ဆေးဝါးကုသမှု အလုံအလောက်မရတာရယ်ကြောင့် သေဆုံးသွားတာပါ။ အဲလူငယ်က မိဘတွေ မရှိကြတော့ပါဘူး။ အဖွားဖြစ်သူနဲ့ အတူနေတာပါ။ အဖွားဖြစ်သူကလဲ အဲဒီဗုံးကြဲမှုမှာ သေဆုံးသွားပါတယ်”
အဆိုပါဗုံးကြဲတိုက်ခိုက်မှုမှာ ၁ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲခံရတဲ့ နေအိမ်နှစ်လုံးမှာ မီးလောင်ပြာကျသွားပြီး နေအိမ်အများပြားလည်း ပျက်စီးကာ ရွာသားတွေလည်း နောက်ထပ် လေကြောင်းတိုက်ခိုက်မူ ပြုလုပ်မှာကို စိုးရိမ်တာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝှမ်း စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးသူအရပ်သားပြည်သူ ၇၇၀၅ ဦး ရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။