ပို့လဘား၊ ဇန်နဝါရီ ၁၇ ရက်၊ မြိုင်
မကွေးတိုင်း မြိုင်မြို့နယ် နှောပင်ရွာကို စစ်ကောင်စီတပ်က နေအိမ် ၈၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဇန်နဝါရီ ၁၅ ရက်နဲ့ မနေ့ ဇန်နဝါရီ ၁၆ ရက်မှာ စစ်ကောင်စီတပ်ကအင်အား ၂၅၀ ကျော်နဲ့ နှောပင်ကျေးရွာကို ဝင်ရောက်စီးနင်းပြီး အိမ်ခြေ (၈၀)ထက်မနည်း မီးရိူ့ခဲ့တာ ဖြစ်ပါတယ်။
“သူတို့မီးရှို့သွားတဲ့ နေအိမ် ၈၀၊ ၉၀လောက်ရှိမယ်။ မြေပဲတွေလည်း မီးထဲအများကြီးပါသွားတယ်။ အဘွားအိုတစ်ယောက်လည်း မီးရှို့သတ်ဖြတ်တာရှိတယ်။ အခုသူတို့စစ်ကြောင်းက အနောက်ဘုန်းကန်ရွာကို ရောက်သွားပြီ”လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကြောင့် မြိုင်မြို့နယ်ရှိ ကျေးရွာ ၈ ရွာ ထက်မနည်း ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်ကလည်း ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၃၀၀ ခန့် စစ်ကြောင်းနဲ့ ကံရပ်ကြီးကျေးရွာကို ဝင်ရောက်လာပြီး ဒေသခံတွေရဲ့ နေအိမ် အလုံး (၂၀၀)ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၆၀ ကျော်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦးလည်း သေဆုံးသွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။