လွေးထွေး၊ ဇန်နဝါရီ ၄ ရက်၊ မိုးကုတ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်အရှေ့ပိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီး တစ်ဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူသွားကြောင်း မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ ဇန်နဝါရီ ၄ ရက် မနက် ၈ နာရီ ဝန်းကျင်မှာ မိုးကုတ်အရှေ့ပိုင်း လယ်ဦးရပ်ကွက်က အ.ထ.က ကျောင်းရှေ့မှာရှိတဲ့ ရတနာသီရိ ဘုန်းကြီးကျောင်းထဲလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
အဲဖြစ်စဉ်မှာ ဘုန်ကြီးတစ်ပါး ပွဲချင်းပြီး ပျံလွန်တော်မူသွားခဲ့ပြီး ၎င်းပစ်ခတ်တဲ့နေရာကို လာကြည့်တဲ့အမျိုးသမီးဟာ ဒုတိယအကြိမ် ထပ်ပစ်လာချိန် ကျည်ထိပြီး ထပ်မံသေဆုံးခဲ့တာလို့ ရပ်ကွက်နေ အမျိုးသားက ဆိုပါတယ်။
”အသံဘဲကြားရတာ အပြင်ထွက်မကြည့်ဖြစ်ဘူး။ အိမ်ကလူတွေသွားကြည့်တာတော့ လူသေတယ်တဲ့။ ကျနော်သိသလောက်ဆို လွန်ခဲ့တဲ့ ၄.၅ ရက်က အဲမှာ စကစတွေ လာနေသွားတယ် ” လို့ ပြောပါတယ်။
လက်ရှိသတင်းရေးသားချန်အထိ ပစ်ခတ်သံမကြားတော့ပေမဲ့ သက်ဆိုင်ရာတွေက ၎င်းရုပ်အလောင်းတွေကို သွားရောက်ရှင်းလင်းနိုင်တာမရှိသေးဘူးလို့ ဆိုပါတယ်။
အလားတူ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်ကလည်း စစ်ကောင်စီတပ် တပ်စွဲထားတဲ့ အောက်ပိန်းပစ်ရွာရဲ့စာသင်ကျောင်း ဒရုန်းနဲ့ဗုံးကြဲခံခဲ့ရပါတယ်။
မိုးကုတ်မြို့ကို တအာင်းတပ်မတော် TNLA က စစ်ကောင်စီတပ်ကို လက်လွှတ်ခဲ့ရပေမဲ့ ၎င်းဒေသမှာရှိတဲ့ မိုးကုတ်ဗျူဟာနဲ့ တခြားတော်လှန်ရေးတပ်တွေကလည်း မိုးကုတ်မြို့ကို ဆက်လက်ကာကွယ်သွားမယ်လို့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန်ကြေငြာထားပါတယ်။
ဒီဇင်ဘာ ၂၄ ရက်ကလည်း မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်ထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG က သတင်းထုတ်ပြန်ထားပါတယ်
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။