အလင်း၊ ဇန်နဝါရီလ ၂၆ ရက်၊ နတ်မောက်
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ စမ်းကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းက ဒေသခံ သားအဖနှစ်ဦး ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်နဲ့ ပစ်သတ်ကာ ထန်းလျက်ဖိုအတွင်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သတ်ဖြတ်ခြင်းခံရသူတွေမှာ စမ်းကုန်းရွာခံ အသက် ၅၀ ကျော်အရွယ် ဦးစံမောင်နဲ့ ၎င်း၏သားဖြစ်သူ အသက် ၂၁ နှစ်အရွယ် ကိုနိုင်လင်းမောင်တို့ ဖြစ်ကြပါတယ်။
၎င်းတို့ သားအဖဟာ မနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက် ၁၁ နာရီဝန်းကျင်မှာ ရွာအတွင်းရှိ မင်္ဂလာဆောင်တစ်ခုသို့ သွားရောက်စဉ် ကျေးရွာတောင်ပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
“ရွာမင်္ဂလာဆောင်ပွဲ သွားတာပါ။ လမ်းမှာ စစ်ကြောင်းနဲ့ တိုးပြီး အဖမ်းခံရတာပါ။ အဖမ်းခံရပြီးနောက် သူတို့နှစ်ယောက်ကို ရွာဘေးပတ်လည် လိုက်ပြခိုင်းတယ်။ ညနေ ၃ နာရီလောက်မှာ သူတို့ ထန်းတော တဲထဲကို ခေါ်သွားပြီး ပစ်သတ်သွားတာပါ။ အလောင်းကိုလည်း ထန်းလျက်ဖိုထဲ ထည့်သွင်းပြီး မီးရှို့ခဲ့တာပါ။”လို့ နတ်မောက်ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဆိုပါ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ စစ်ကြောင်းဟာ နတ်မောက်မြို့ ရွာမတပ်မှ ထွက်လာတဲ့ အင်အား (၄၀) ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဖြစ်ပါတယ်။
၎င်းစစ်ကြောင်းဟာ မနေ့ညနေပိုင်းမှာ ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွါသွားတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စမ်းကုန်းရွာသားတွေဟာ ရွာထဲကို ပြန်ဝင်ရောက်လာကြပြီဖြစ်ပါတယ်။
သတ်ဖြတ်မီးရှို့ခံရတဲ့ ဦးစံမောင်တို့ သားအဖရဲ့ ရုပ်အလောင်းတွေကိုတော့ ရွာသားတွေက မနေ့ညနေပိုင်းမှာပင် မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။