ရွှေဖီမြေ၊ ဇန်နဝါရီ ၂၄ ရက်၊ ကျောက်ကြီး
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ခလယ်လွီထူခရိုင် ကျောက်ကြီး(လယ်ဒို)မြို့နယ်၊ မုန်း(မူး)မြို့နယ်နဲ့ ပလာယာခရိုင် နို့တကောမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲတာနဲ့ သေနတ်တွေနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့တယ်လို့ KNU က မနေ့ ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက် နေ့လည် ၁ နာရီခွဲဝန်းကျင်မှာလည်း စစ်ကောင်စီတပ်က မုန်းမြို့နယ် နတ်လောင်းကြီးကျေးရွာထဲကို ဂျိုင်ရိုကော်ပတာနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာခံဖြစ်တဲ့ အသက် ၆၉ နှစ်အရွယ် ဦးသောင်းစိန်ဆိုသူ ထိခိုက်သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက် မနက် ၁၁ နာရီခွဲမှာ စစ်ကောင်စီတပ်က မုန်းမြို့နယ် (မာနေ) ကွင်းနေရာကို ဒရုန်းဗုံးသီး ၁ လုံး လာရောက်ပစ်ခတ်ခဲ့တာကြောင့် ကပ်ကြီးဆိပ်ကျေးရွာခံ အသက် ၅၄ နှစ်အရွယ် ဦးမဲလုံးနဲ့ အသက် ၂၈ နှစ်အရွယ် ကျော်မင်းထက်တို့ ထိခိုက်သေဆုံးခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ကိုမင်းခန့်နဲ့ အသက် ၂၄ နှစ်အရွယ် မေကဗျာ ၂ ဦးတို့ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာလည်း ပဲနွယ်ကုန်းရှိ စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ် ဇရပ်ခင်ကျေးရွာထဲကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့လို့ အသက် ၃၅ နှစ်အရွယ် ဒေါ်သီတာစန်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီဝန်းကျင်မှာ ကြာအင်းဆိပ်ကြီးမြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ-၂၈၄) တပ်က နို့တကောမြို့နယ် ဝါးဘိုးကုန်းကျေးရွာက နေအိမ်ဘေးမှာ ရော်ဘာခြစ်နေတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။