ယာရူစိင်၊ ဇန်နဝါရီ ၆ ရက်၊ ခင်ဦး
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က စစ်ရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်း ဗုံးကြဲခံရလို့ စစ်ရှောင် ၃ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း အများအပြားရှိနေတယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသား တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၅ ရက် ည ၈ နာရီခွဲဝန်းကျင်မှာ ခင်ဦးမြို့နယ် ကုန်းကြီးရွာရှိ စစ်ရှောင်တွေသာ နေထိုင်တဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“အဲနေရာက စစ်ရှောင်တွေသာ နေထိုင်တဲ့ စာသင်ကျောင်းပါ။ ဒဏ်ရာရတဲ့သူတွေလည်း များပါတယ်။ ကျနော်တို့က လက်ရှိအချိန်ထိ စာရင်းအတိအကျ မရသေးတာကြောင့်ပါ။ သေဆုံးသူတွေလည်း ထပ်တိုးလာနိုင်ပါတယ်”လို့ ဒီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသား တစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်မှာလည်း စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခင်ဦးမြို့နယ်အတွင်းက ရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်းပေါ်က မြေနီသျှိူလမ်းဆုံအနီးမှာရှိတဲ့ ဆီခြံပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးနားရှိ ဒေသခံ ၁၂ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဒီနေ့ ဇန်နဝါရီ ၆ ရက် မနက် ၉ နာရီခွဲကျော်မှာလည်း ဝက်လက်မြို့နယ် တောင်ခြမ်း ပေါက်ကန်ဘူတာကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ၂လသားကလေးငယ်အပါအဝင် ဒေသခံ ၃ ဦးသေဆုံးပြီး ၁ ဦးထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို လေကြောင်းအပါအဝင် စစ်ကြောင်းထိုးတာတွေ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း နေ့စဉ်နေ့တိုင်း ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။