လွေးဇွန်မိုး၊ ဇန်နဝါရီ ၂၇ ရက်၊ ရွှေဘို
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ငပိအိုးရွာကို စစ်တပ်က ဗုံးကြဲလို့ အရပ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ Wetlet Informational Network တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက် ညသန်ခေါင် ၁၂ နာရီခွဲမှာ စစ်ကောင်စီတပ်က ငပိအိုးရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။
“ငပိအိုးက ကျနော်တို့ ပထမ ညခင်း ၁၂ နာရီခွဲဖြစ်တာက သုံးယောက်သေပြီးတော့မှ တော်တော်များများ ထိခိုက်တယ်ဗျ။ ထိခိုက်မှုက ခြေပြတ် လက်ပြတ်နဲ့ တော်တော်များများ အားလုံးပေါင်း တစ်ဆယ် နှစ်ဆယ်လောက်တော့ရှိတယ်လို့ သိရတယ်ဗျ”
အလားတူ အဲဒီဇန်နဝါရီ ၂၅ ရက် နေ့လည် ၂ နာရီဝန်းကျင်မှာလည်း ငါးပိအိုးရွာ စာသင်ကျောင်း အနီးကို တံတားဦးလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးနဲ့ ဗုံး ၄ လုံးကြဲခဲ့တာကြောင့် ဒေသခံ ၂ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မနေ့ ဇန်နဝါရီ ၂၇ ရက် မနက် ၁၀နာရီ ဝန်းကျင်မှာလည်း စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ပေါက်ကံရွာ ဘူတာအနီးကို စစ်ကောင်စီတပ်က အသေခံဒရုန်း ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား ၁ ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာခဲ့ပါတယ််။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။