ရဲမာန်၊ မတ်လ ၁ ရက်၊ အရာတော်
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တောင်ပိုင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ခရီးသွား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အရာတော်မြို့နယ် Local အဖွဲ့အစည်းရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ကိုအောင်စည်က ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ် ၃ နာရီခွဲဝန်းကျင်မှာ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ မင်းရွာအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“ခရီးသွားကား ထိမှန်ခဲ့တာပါ။ ခရီးသွား ၂ ဦး ဆုံးပြီး ၁ ဦး ဒဏ်ရာ ရခဲ့တာပါ။ ကားလည်း ပျက်စီးသွားပါတယ်”
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာလည်း အရာတော်မြို့နယ် ကံရင်းရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာလည်း စစ်တပ်က အရာတော်မြို့နယ် သစ်ချိုရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။