ပို့လဘား၊ ဇန်နဝါရီ ၇ ရက်၊ မြိုင်
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မြိုင်မြို့နယ် ကြက်မောက်ကျေးရွာကို စစ်ကောင်စီတပ်က မနေ့ ဇန်နဝါရီ ၆ ရက် ည ၉ နာရီအချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “နေအိမ်ပေါ်တည့်တည့် ကျတာမဟုတ်ဘူး။ လမ်းမှာ လာကျတာ။ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသားတစ်ယောက် ထိခိုက်ဒဏ်ရာရတာ။ နေအိမ်တွေလည်း ပျက်စီးတာတွေရှိတယ်” လို့ ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၇ နှစ်အရွယ် မသွယ်သွယ်အောင် သေဆုံးခဲ့တာ ဖြစ်ပြီး အသက် ၁၃ နှစ်အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးနဲ့ နောက်ထပ်အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်ကလည်း မြိုင်မြို့နယ် ညောင်ကုန်းဆိုင်းဘုတ်အနီးကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။