မိုင်းရူပ၊ ဇန်နဝါရီ ၁၅ ရက်
မန္တလေးတိုင်း မိုးကုတ်- သပိတ်ကျင်းလမ်းပေါ်ရှိ ခြေလျင်တပ်ရင်း ခလရ – ၁၄၈ တပ်အပါအဝင် မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းနေရာအများစုကို ပြန်ထိန်းချုပ်လိုက်နိုင်ခဲ့ပြီလို့ စစ်ကောင်စီက မနေ့ ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်ကနေ ၁၃ ရက်အထိ မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းရှိ ညောင်ပင်သာ၊ ပိုးဇာနွယ်နဲ့ ကျောက်လှည်းဘီကျေးရွာတွေကို စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မန္တလေး- မိုးကုတ်လမ်းပိုင်းတစ်ခုလုံး ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်သွားမယ်လို့ ဆိုပါတယ်။
မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းပြန်ရဖို့ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပေါင်း ၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလည်း မိုးကုတ်- သပိတ်ကျင်းလမ်းပိုင်းရှိ ကျေးရွာတွေကို လက်လွှတ်ထားရကြောင်း ရွှေဖီမြေကို ပြောပါတယ်။
” ခလရ- ၁၄၈ တပ်အထိ စကစတွေ ဝင်သွားပြီ။ မိုးကုတ်အနောက်ပိုင်းနားက နေရာတွေအထိတော့ မရောက်သေးဘူး” လို့ မိုးကုတ်မြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မန္တလေး- စဥ့်ကူး- သပိတ်ကျင်းလမ်းပိုင်းကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်မှာ စစ်ကောင်စီက ပြန်ထိန်းချုပ်ခဲ့ပြီး မိုးကုတ်-မန္တလေးလမ်းပိုင်းတစ်ခုလုံး ပြန်ရဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းကစပြီး မန္တလေး PDF နဲ့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဥ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
မိုးကုတ်မြို့ကို စစ်ကောင်စီတပ်ဘက်က တရုတ်အကူအညီနဲ့ ပြန်ရထားတာကြောင့် မိုးကုတ်- သပိတ်ကျင်း လမ်းပိုင်းကို စစ်ကောင်စီပြန်ထိန်းချုပ်နိုင်ခဲ့ရင် မိုးကုတ်- မန္တလေးလမ်းပိုင်းတစ်ခုလုံး စစ်ကောင်စီလက်အောက်ပြန်ရောက်မယ့် အခြေအနေဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။