မိုင်းဖိူမ်းဆငဲ၊ ဇန်နဝါရီ ၂၇ ရက်၊ လောက်ကိုင်
ကိုးကန့်တပ် – MNDAA ထိန်းချုပ်ဒေသ လောက်ကိုင်မြို့ကနေ မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တည်ရှိရာ ချင်းရွှေဟော်အထိ ဆက်သွယ်ထားတဲ့ ၁၈ မိုင် (၃၀ ကီလိုမီတာ) အရှည်ရှိ လမ်းကို တိုးချဲ့ဆောက်လုပ်နေတယ်လို့ သိရပါတယ်။
အရင်က ရှိပြီးသား လောက်ကိုင် – ချင်းရွှေဟော် လမ်းပိုင်းဟာ ကျဉ်းမြောင်းပြီး အရည်အသွေးမကောင်းတဲ့အတွက်ကြောင့် အဲဒီလမ်းပိုင်းကို ပြန်ချဲ့ပေးနေတာလို့ ကိုးကန့်ဒေသအတွင်း ခရီးသည်ဝန်ဆောင်မှု လုပ်ကိုင်နေတဲ့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“လမ်းအသစ်ဖောက်တာတော့မဟုတ်ဘူး။ အဟောင်းကိုပဲ တစ်ဖက်ချင်းဆီ ပြန်ချဲ့ပေးမှာ။ လမ်းကျယ်သွားအောင်လို့လေ။ အခု ကျောက်တွေ ပြန်ခင်းပြီး အစအဆုံး ပြန်လုပ်နေတာ။”
ဒီနေ့ ဇန်နဝါရီ ၂၇ ရက်အထိ လောက်ကိုင်မြို့အထွက် ဆိုင်းဘုတ်ကနေ ပါစင်ကျော်ကျေးရွာအနီးအထိ လမ်းဆောက်လုပ်နေဆဲဖြစ်တယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်မှာတော့ MNDAA က ဒီလမ်းပိုင်း တိုးချဲ့ဆောက်လုပ်မှုကို ပြည်သူတွေ သွားလာရေးမှာ အဆင်ပြေချော့မွေ့စေရေးနဲ့ ဒေသရဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် Secondary Road (ဒုတိယအဆင့် လမ်းမကြီး) ဖောက်လုပ်မှု စီမံကိန်းလို့ ထုတ်ပြန်ခဲ့ပြီး အဲဒီလမ်းအပေါ် သွားလာတဲ့ ကားတွေအနေနဲ့ အရှိန်လျှော့မောင်းဖို့လည်း တိုက်တွန်းထားပါတယ်။
ကိုးကန့်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာ ၁၀ ရက်ကစပြီး ၄ မိုင် အရှည်ရှိပြီး ၉၈ ပေ အကျယ်ရှိတဲ့ ကွမ်းလုံမြို့ရှောင်လမ်းအသစ်လည်း ဆောက်လုပ်ခဲ့ဖူးပြီး လက်ရှိအချိန်ထိ ပြီးစီးခြင်းတော့ မရှိသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။