အိုက်ပွီး၊ ဇန်နဝါရီလ ၁၁ ရက်
ပဲခူးတိုင်းနဲ့ မကွေးတိုင်းရှိ မြို့နယ်တချို့မှာ ရွေးကောက်ပွဲ ကျင်းပတဲ့ မဲရုံတွေ တိုက်ခိုက်ခံရပြီး ခရိုင်ထွေအုပ် ညွှန်ကြားရေးမှူးတစ်ဦး သေဆုံးကာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပဲခူးတိုင်း၊ ထန်းတပင်မြို့ ထွေအုပ်ရုံးကို ဒီနေ့ ဇန်နဝါရီ ၁၁ ရက်၊ မနက် ၆ နာရီမှာ ဗုံးကြဲခံရပြီး ခရိုင်ထွေအုပ် လက်ထောက်ညွှန်ကြားရေးမှူး သေဆုံးကာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တချို့လည်း ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
“ဒရုန်းနဲ့ ထွေအုပ်ရုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ထွေအုပ်ရုံးရဲ့ ခေါင်မိုးပေါ်တည့်တည့်ကို ဗုံးသီးကျပေါက်ကွဲပြီး ခရိုင်ထွေအုပ် လက်ထောက်ညွှန်ကြားရေးမှူးက ဒဏ်ရာအများပြားနဲ့ သေဆုံးသွားပါတယ်။” လို့ ထန်းတပင်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် တချို့နဲ့ လုံခြုံရေး တာဝန်ယူဆောင်ရွက်တဲ့ ရဲတွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ မင်းလှမြို့၊ လမ်းမတော်လမ်း၊ တရုတ်ကျောင်း မဲရုံအနီးကိုလည်း ဒီနေ့မနက် ၄ နာရီခန့်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ မင်းလှ ပကဖ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ စလင်းမြို့မှာလည်း မဲရုံတွေကို လုံခြုံရေးတာဝန်ယူ ဆောင်ရွက်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီနေ့မနက်ပိုင်းမှာပဲ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“ဒီမနက် မဲပေးတဲ့ချိန်မှာ စလင်းမြို့ပေါ်မှာ တိုက်ပွဲတွေဖြစ်တယ်။ နှစ်ဖက်လက်နက်ကြီးကျည်တွေ ပစ်ကြတယ်။ နေ့လယ် ၁၂ နာရီထိ သေနတ်ပစ်တဲ့အသံတွေ ကြားနေတုန်းပါ။ စစ်သားတွေကလည်း မြို့ထဲလုံခြုံရေးအင်အား အများကြီး ချထားပါတယ်။” လို့ စလင်းမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ရွေးကောက်ပွဲ ကျင်းပနေတဲ့ ဂန့်ဂေါမြို့ မဲရုံတွေကို ဒီမနက် တော်လှန်ရေးတပ်ဖွဲ့တွေက ရော့ကတ်နဲ့ ၁၂၀ မမ လက်နက်ကြီးကျည်တွေနဲ့ အလုံးရေ ၁၀၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက်အလို မနေ့ ဇန်နဝါရီ ၁၀ ရက်ကလည်း ဂန့်ဂေါမြို့က ခလရ ၅၀ တပ်ရင်းအပါအဝင် ၄ နေရာထက်မနည်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။