စီထုရွှေဖီမြေ၊ ဒီဇင်ဘာ ၁၈ ရက်၊ သီပေါ
ရှမ်းမြောက် သီပေါမြို့နယ် ပန်ကျင်ကျေးရွာအနီးမှာ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့အတူ ကျားဖြန်လုပ်ကိုင်သူ ၆ ဦး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
မနေ့ ဒီဇင်ဘာ ၁၇ ရက်မှာ သီပေါမြို့နယ် ပန်စင်ရွာအနီးရှိ ကျားဖြန်ရုံကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ SSPP တပ်ဖွဲ့ဝင် ၃ ဦးကို လက်နက်ခဲယမ်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၅ ဦးနဲ့ မြန်မာနိုင်ငံသာအမျိုးသမီးတစ်ဦး ဖမ်းဆီးရမိခဲ့ပြီး
အွန်လိုင်းငွေလိမ်ဂိုဏ်းပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်
ပြထားပါတယ်။
SSPP တပ်ဘက်ကတော့ ကျားဖြန်ရုံမှာ ၎င်းတို့တပ်ဖွဲ့တွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး တစုံတရာ တုန့်
ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်မှာလည်း SSPP ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအနီး ကျားဖြန်လုပ်ငန်းလုပ်ကိုင်နေသူ ၂၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်က SSPP ထုတ်ပြန်ချက်မှာတော့ SSPP ထိန်းချုပ်နယ်မြေမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန်ငွေလိမ်ဂိုဏ်းတွေကို အမြစ်ပြတ်နှိမ်နင်းသွားမယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်သတင်းစားရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။