ရွှေဖီမြေ၊ ဒီဇင်ဘာ ၁၉ ရက်
စစ်ကောင်သီတပ်ရဲ့ ဝါဒဖြန့်ချိရေးသတင်းဌာနဖြစ်တဲ့ ရတနာပုံသတင်းစာ၊ မြန်မာ့အသံ၊ မြန်မာ့ရုပ်မြင်သံကြားနဲ့ MITV အကောင့်တွေကို Facebook, YouTube, Twitch, Mediafire တို့က ၎င်းတို့ပိုင်တဲ့ အင်တာနက် ပလက်ဖောင်းတွေကနေ ဖြုတ်ချဖယ်ရှားခဲ့တယ်လို့ Justice For Myanmar က မနေ့ ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
နည်းပညာကုမ္ပဏီတွေကို ၎င်းတို့က စာပို့ပြီး ဖိအားပေးတောင်းဆိုခဲ့တာကြောင့် စစ်ကောင်စီရဲ့ဝါဒဖြန့်အကောင့်တွေ ဖယ်ရှားခံရတာလို့လည်း Justice For Myanmar ကပြောပါတယ်။
Amazon ကုမ္ပဏီပိုင် ရုပ်သံလွှင့်တင်နိုင်တဲ့ ပလပ်ဖောင်း Twitch က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နဲ့ မြန်မာ့ရေဒီယို တိုက်ရိုက်ထုတ်လွှင့်နေတဲ့လိုင်း ၁၄ ခုကို ၎င်းတို့ရဲ့ ဝဘ်ဆိုဒ်နဲ့ Google၊ Apple App stores တွေမှာရှိတဲ့ ၎င်းတို့ရဲ့ မိုဘိုင်း Apps တွေကနေ ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Twitch ဟာ အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ စစ်ကောင်တပ်ထိန်းချုပ်ထားတဲ့ MITV ဝဘ်ဆိုဒ်မှာ တွဲတင်ထားတဲ့ MITV တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်မှုကိုလည်း ဖယ်ရှားခဲ့တယ်လို့ Justice For Myanmar ကထုတ်ပြန်ထားပါတယ်။
အလားတူ Facebook ကလည်း စစ်တပ်ထိန်းချုပ်ထားတဲ့ MITV စာမျက်နှာကို ဖျက်သိမ်းခဲ့တယ်လို့ဆိုပါတယ်။
YouTube ကလည်း စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ MOI Video News ဆိုတဲ့ စစ်ကော်မရှင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အကောင့်တစ်ခုကို ၎င်းတို့ရဲ့ ပလက်ဖောင်းကနေ ဖယ်ရှားခဲ့ပြီး MITV စာမျက်နှာကိုတော့ ဖယ်ရှားဖို့ ငြင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မန္တလေးမှာ အခြေစိုက်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဦးစီးထုတ်ဝေတဲ့ ရတနာပုံသတင်းစာရဲ့ အကောင့်တွေကိုလည်း Facebook နဲ့ ဖိုင်ထိန်းသိမ်းမျှဝေရာ MediaFire ဝဘ်ဆိုဒ်တို့က ဖယ်ရှားပစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် Alphabet (Google ၏ မိခင်ကုမ္ပဏီ)၊ Apple၊ TikTok၊ X (ယခင် Twitter)၊ Telegram၊ Cloudflare နဲ့ ApkPure တို့ကိုလည်း အလားတူအရေးယူဆောင်ရွက်ဖို့ စာပို့တောင်းဆိုထားပေမဲ့ လက်ရှိအချိန်အထိ အရေးယူတာ မရှိသေးဘူးလို့ Justice For Myanmar ဆိုပါတယ်။
လူမှုကွန်ယက်ပလက်ဖောင်းတွေဟာ ဒီဇင်ဘာလကုန်နဲ့ ဇန်နဝါရီလအတွင်းမှာ ကျင်းပမယ့် စစ်ကောင်စီတပ်ရဲ့ အတုယောင်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရေး၊ ဝါဒဖြန့်ချီရေးအတွက် အရေးပါတဲ့ ဒေါက်တိုင်တွေဖြစ်သလို ရွေးကောက်ပွဲအပေါ် ဝေဖန်သူတွေကို အရေးယူပြီး အကြောက်တရားဖြန့်ချီဖို့အတွက် အရေးပါးတဲ့ ကဏ္ဍမှာ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဝေဖန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်က ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ဆေးရုံကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါဝင် အရပ်သား ၃၀ ကျော်သေဆုံးကာ ၇၀ ထက်မနည်း ထိခိုက်ဒဏ်ရာရာရရှိခဲ့ပေမယ့် စစ်ကောင်စီတပ်က Telegram၊ X၊ TikTok နဲ့ Apple၊ Google app stores များရှိ apps တွေအပါအဝင် လူမှုကွန်ယက်ပလက်ဖောင်းတွေမှာ အရပ်သားထိခိုက်မှု မရှိဘူးလို့ ငြင်းဆိုပြီး ဝါဒဖြန့်ချီခဲ့တယ်လို့ Justice For Myanmar ထောက်ပြထားပါတယ်။
အလားတူ နည်းပညာကုမ္ပဏီတွေက ၎င်းတို့ရဲ့ လူမှုကွန်ယက်ပလက်ဖောင်းပေါ်မှာ ရိုဟင်ဂျာတွေကို လူသားဂုဏ်သိက္ခာ ညိုးနွမ်းထိခိုက်စေတဲ့ အသုံးအနှုန်းတွေ ဖြန့်ချီရေးသားနေတဲ့ စစ်ကောင်စီတပ်ရဲ့ဝါဒဖြန့်စာမျက်နှာတွေကို အရေးယူတာ မရှိဘူးလို့လည်း ဝေဖန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။