သုတ၊ မတ်လ ၁၅ ရက်၊ ကွတ်ခိုင်
တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်ဗျူဟာကုန်းကို ကိုးကန့်တပ်ဘက်က အပြင်းအထန် ထိုးစစ်ဆင်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု များတယ်လို့ မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မနက် ၆ နာရီကတည်းက ထိုးနေတာ။ အခုထိ နည်းနည်းမှ မနားသေးဘူး။ အခုထိတော့ ဗျူဟာကုန်းထဲ ဝင်လို့ မရသေးဘူး” လို့ ဆိုပါတယ်။
ဒါ့အပြင် ကွတ်ခိုင်တိုက်ပွဲမှာ ကိုးကန့်တပ်ဘက်က ဒီနေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်ကစပြီး မနက် ၁၀ နာရီခွဲအထိ ဗျူဟာကုန်းထဲကို ဒရုန်းအသုံးပြုပြီး ဗုံးရာနဲ့ချီ တိုက်ခိုက်နေတယ်လို့ ကွတ်ခိုင်ဒေသခံ
တစ်ဦးက ပြောပါတယ်။
“တစ်ခါပျံရင် ၂ စီး၊ မနက်ကတည်းက ကြဲနေတာ။ အခုထိဘဲ။ ဒရုန်းဗုံး တစ်ရာကျော်လောက်ရှိပြီ”
လက်ရှိ ကိုးကန့်တပ်ရဲ့ ထိုးစစ်ဆင်မှုတွေဟာ ကွတ်ခိုင်မြို့ကို ပူးပေါင်းထိန်းချုပ်မှုထက် TNLA ထိန်းချုပ်ထားတဲ့ မြို့တစ်ခုလုံးကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ မတ်လ ၁၄ ရက် မနက်ပိုင်းကစပြီး ကွတ်ခိုင်မြို့အပါအဝင် မူဆယ်မြို့ (၁၀၅) မိုင်၊ နမ့်ဖတ်ကာ၊ မုံစီး စတဲ့ နေရာ ၅ ခုထက်မနည်းမှာ TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ်ဘက်က အင်အားထောင်ချီ အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းမှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ်မှာ MNDAA တပ်ဆင်ထားတဲ့ CCTV တွေကို လိုက်ဖြုတ်ရာကနေ ကိုးကန့်တပ်ဖွဲ့နဲ့ တအာင်းတပ်အကြား တင်းမာမှု ဖြစ်ပွားရာကနေ ၁ လကြာလာချိန် တိုက်ပွဲဖြစ်ပွားတဲ့အဆင့်အထိ ရောက်ရှိလာပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။