ဝတ်မှုံ၊ မတ်လ ၁၄ ရက်၊ ကွတ်ခိုင်
တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ထဲအထိ ကိုးကန့်တပ် MNDAAရဲ့ ထိုးစစ် ဝင်ရောက်လာပြီး မြို့ထဲမှာ နှစ်ဖက် တိုက်ပွဲအပြင်းအထန် ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကွတ်ခိုင်မြို့ကို ဒီနေ့ မတ်လ ၁၄ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ MNDAA က စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မြို့ထဲထိဝင်ရောက်လာပြီး ဗျူဟာကုန်းကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ဆေးရုံနားကော၊ မီးပွိုင့်နားကော ဗျူဟာဘက်ကော အကုန်ရောက်ပြီ။ လမ်းမကြီးကနေ ဗျူဟာဘက် ဦးတည်ထိုးနေတုန်း”
လက်ရှိ မြို့ထဲမှာလည်း ဒရုန်းတွေဝဲနေပြီး TNLA ဘက်က ဒေသခံတွေကို အိမ်ပြင်မထွက်ဖို့ သတိပေးထားတယ်လို့ နောက်ထပ် အမျိုးသားတစ်ဦးက ပြောပါတယ်။
“အခုအခြေအနေက ဘယ်လို ပြောရမလဲမြို့ပေါ်မှာ ဒရုန်းတွေ ဝဲနေတော့ တအာင်းတပ်က အပြင်မထွက်ခိုင်းဘူး။ အကုန် အိမ်ထဲမှာပဲ။ ကျနော်က လိုင်းသွားသုံးတဲ့ နေရာမှာ ပိတ်မိနေ။ အပြင်ထွက်မရ”
မြို့ထဲက ရပ်ကွက်တချို့မှာ MNDAA ရဲ့ ဒရုန်းဗုံးကျရောက်ပေါက်ကွဲတာရှိပေမယ့် လူထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။
အလားတူ ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးတွဲထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်မှာလည်း TNLA တပ်သားတွေကို ကိုးကန့်တပ်က အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။