မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ ဖားဆောင်း
ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ဖားဆောင်းမြို့ကို စစ်ကောင်စီတပ်ဘက်က ပြန်ထိန်းချုပ်နိုင်ခဲ့ပြီလို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဖားဆောင်းကို စစ်ကောင်စီ ပြန်ရသွားပြီ။ မြေပြင်မှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ဖားဆောင်းတံတားလည်း တော်လှန်ရေးတပ်တွေဘက်က ပိတ်ထားပြီ။ သွားလို့ မရတော့ဘူး” လို့ ဆိုပါတယ်။
ဖားဆောင်းမြို့မှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း-၁၃၄ နဲ့ ၁၃၅ တပ်တို့ အခြေစိုက်ပြီး ခလရ-၁၃၄ နဲ့ မြို့ပေါ်နေရာတွေကို ကရင်နီတော်လှန်ရေးတပ်တွေဘက်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လကုန်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ခလရ-၁၃၅ ကို ကရင်နီတော်လှန်ရေးတပ်တွေဘက်က လနဲ့ချီကြာ ပိတ်ဆို့ထားနိုင်ခဲ့ပေမယ့် ၈ လကျော်အကြာမှာ ဖားဆောင်းမြို့ကို စစ်ကောင်စီထံ ပြန်လည်လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း ဖားဆောင်းမြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့ကြောင်း မနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ကရင်နီတော်လှန်ရေးတပ်တွေဘက်ကတော့ ဖားဆောင်းမြို့ကို ပြန်လည်လက်လွှတ်ခဲ့ရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကစပြီး စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် ကရင်နီပြည်နဲ့ ရှမ်းတောင်နယ်စပ်မှာရှိတဲ့ မိုးဗြဲမြို့အပါအဝင် ကရင်နီပြည် ဒီးမော့ဆိုမြို့တွေကိုပါ တော်လှန်ရေးတပ်တွေ လက်လွှတ်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။