သုတ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ သပိတ်ကျင်း
အမျိုးသားညီညွတ်ရေးအစိုးရ – NUG ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက တကောင်းမြို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယအပတ်ကစပြီး သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာကနေ တကောင်းမြို့ဘက်ကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မြို့အနီးကိုတော့ ရောက်လာတာ မရှိသေးဘူးလို့ မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တကောင်းဘက်ကို စစ်ကောင်စီ ပြန်ထိုးနေတာ ဟုတ်တယ်။ တကောင်းမြို့နဲ့တော့ ဝေးသေးတယ်။ အခုက KIA နဲ့ PDF တွေက စစ်ကောင်စီ ထိုးစစ်ကို ခုခံနေတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ တကောင်းမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ ရှားတောရွာကို ရောက်ရှိလာပြီလို့ ဒီရက်ပိုင်းမှာ ရေးသားဖော်ပြနေကြပါတယ်။
တကောင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာ NUG နဲ့ ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်ရှိမှာ မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်တွေ ထိန်းချုပ်နိုင်တဲ့ တစ်ခုတည်းသော မြို့ဖြစ်ပါတယ်။
ဒါအပြင် တကောင်းမြို့ဟာ မန္တလေး – သပိတ်ကျင်း – ထီးချိုင့်နဲ့ ကချင်ပြည်နယ် ဗန်းမော်လမ်းပိုင်းပေါ်မှာ တည်ရှိပြီး စစ်ရေးအရ အရေးပါတဲ့ နေရာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့တွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ တော်လှန်ရေးတပ်တွေဘက်က လက်လွှတ်ထားရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။