မြတ်နိုး၊ ဒီဇင်ဘာ ၃၀ ရက်၊ ကသာ
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့ရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်ဖွဲ့တွေက ဒီဇင်ဘာလ ၂၈ ရက်နေ့ကစပြီး ထိုးစစ်ဆင်လာတာကြောင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေကြာင်း ဒေသခံတွေဆီက သိရပါတယ်။
“ကသာမြို့မှာ ဒီဇင်ဘာလ ၂၈ ရက် ည ၉ နာရီ ၄၀ မိနစ်လောက်ကစ မြို့ပတ်ပတ်လည် လက်နက်ကြီးရော လက်နက်သေးရော တအုန်းအုန်း ချနေတာ။ မြေကြီးတွေပါ တုန်တယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိ ကသာမြို့ထဲမှာ တိုက်ပွဲဖြစ်တာ မရှိသေးပေမယ့် မြို့ပတ်လည် အထွက်လမ်းတွေကို စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် ထွက်လို့မရပဲ ဖြစ်နေပြီး လေယာဉ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်သံတွေလည်း ကြားနေရတယ်လို့ သူက ပြောပါတယ်။
“ကျန်တဲ့ တောရွာဘက် စိုးရိမ်နေရပြီ။ မနေ့ နေ့လည် ၂ နာရီလောက်က ဖြစ်သွားတာ။ မီးခိုးလုံးတွေ မြင်နေရတယ်။ မြို့ထဲတော့ ဘာမှ မဖြစ်ပေမယ့် မြို့စွန် ရပ်ကွက်တွေ၊ ရွာလေးတွေကတော့ အဆင်မပြေဘူး။” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မြို့ခံတချို့က တိမ်းရှောင်ကြတာရှိပေမယ့် မြို့ထဲမှာလည်း ကျန်ရှိနေသေးပြီး လမ်းပိတ်ထားတာကြောင့် ထွက်လို့မရ တိုက်ပွဲနဲ့ ဝေးရာ ဘုန်းကြီးကျောင်းတွေမှာ ရှောင်နေကြသူတွေလည်း ရှိနေတယ်လို့ သူက ပြောပါတယ်။
မနေ့ ဒီဇင်ဘာလ ၂၉ ရက်မှာလည်း တိုက်ပွဲတွေ တနေကုန်နီးပါး ဖြစ်ပွားနေပြီး လက်နက်ကြီးတွေလည်း နေရာအနှံအပြားမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေ အမျိုးသားတစ်ဦးကတော့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၃၀၉ ကာကင်းစခန်းတချို့ သိမ်းပိုက်ထားကြောင်း ပြောပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။
စစ်ကောင်စီကို ထောက်ခံသူတွေကတော့ ကသာက (ခမရ ၃၀၉) အကျခံလို့ မရတာကြောင့် လေကြောင်းတိုက်ခိုက်ဖို့ တယ်လီဂရမ် ချန်နယ်ကနေ ဆော်ဩနေကြတာကို တွေ့ရပါတယ်။
ကသာမြို့ဟာ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြောက်ဘက်မှာရှိတဲ့ မြို့တစ်မြို့ ဖြစ်ပြီး ဧရာဝတီမြစ်အနောက်ဘက်ကမ်းက အရေးပါတဲ့ သင်္ဘောဆိပ်မြို့ ဖြစ်တဲ့အပြင် ကားလမ်း၊ ရထားလမ်း၊ လေကြောင်းလမ်း များဆုံရာ မြို့လည်းဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။