မိုင်းရူပ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ ပုလဲ
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA ရဲ့ တပ်စခန်းတချို့ကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ လက်အောက်ခံတပ်တွေက ဝင်ရောက်တိုက်ခိုက်နေတယ်လို့ BNRA ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မနက် ဖေဖော်ဝါရီ ၁၇ ရက် မနက် ၇ နာရီဝန်းကျင်ကစပြီး BNRA ရဲ့ တပ်စခန်းတွေကို NUG လက်အောက်ခံတပ်တွေက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိတယ်လို့ ဆိုပါတယ်။
“NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ KIA (ကချင်တပ်) ဦးဆောင်တဲ့ အမှတ် – ၁ စစ်ဒေသက ဒီနေ့ မနက် ၇ နာရီမှာ လက်နက်ကြီး၊ ဒရုန်း၊ စလက်တွေနဲ့ အရင်ပစ်ပြီးတော့မှ ဝင်လာတယ်။ BNRA ရဲ့ လုံခြုံရေးစခန်းငယ်တွေကို စီးနင်းတိုက်ခိုက်တယ်။ ရဲဘော်တချို့ ထိခိုက်၊ သေဆုံးတာရှိတယ်။ အရေအတွက်အတိအကျတော့ အတည်မပြုနိုင်သေးဘူး” လို့ BNRA ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက ရွှေဖီမြေကို ပြောပါတယ်။
NUG ရဲ့ လက်အောက်ခံတပ်တွေ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်လာတာကြောင့် BNRA ဘက်က တပ်ဆုတ်ပေးဖို့ အမိန့်ပေးထားပြီး ထိတွေ့မှုဖြစ်တဲ့ နေရာအတိအကျကိုတော့ ဗိုလ်နဂါးက ပြောဆိုတာ မရှိပါဘူး။
NUG တပ်ဘက်ကတော့ ပုလဲမြို့နယ်ထဲမှာရှိတဲ့ ဗိုလ်နဂါးရဲ့ တပ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ပုလဲမြို့နယ်မှာ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်နဲ့ NUG ရဲ့ လက်အောက်ခံတပ်တွေအကြား အပြန်အလှန် စီးနင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်မှာလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ယင်းမာပင်ခရိုင် လက်အောက်ခံတပ်ဘက်က ပုလဲမြို့နယ်ရှိ BNRA ရဲ့ တပ်စခန်းနှစ်ခုကို တရားမဝင်ဂိတ်တွေ ဖွင့်လှစ်ထားတယ်ဆိုပြီး ဝင်ရောက်စီးနင်းခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။