ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၀ ရက်
ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ဒေသ ပဲခူးတိုင်း မူးမြို့နယ်၊ ဆောထိ (ရွှေကျင်) မြို့နယ်နဲ့ ကျောက်ကြီး(လယ်ဒို) စတဲ့မြိုနယ်တွေမှာ ဖေဖော်ဝါရီ ၃ ရက် ကနေ ၈ ရက်အထိ စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ဒရုန်းနဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၁ လသားကလေးအပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက်မှာ မူးမြို့နယ် သစ်ဖြူဆိပ်ရွာသို့ (ခမရ – ၃၀၇) မှ ဒရုန်းနဲ့ ဗုံးကြဲလို့ အသက် ၄၈ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့တာနဲ့ ၁ လသား ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၅ ရက်မှာလည်း ကွီးဒိုဒေသက အမျိုးသား ၁ ဦး စစ်တပ်ထောင်ထားတဲ့ မိုင်း နင်းမိပြီး ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၇ ရက်မှာလည်း စစ်ကောင်စီက ဆောထိမြို့နယ် ပျဉ်ရေရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီအပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦးနဲ့ ပြည်သူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
KNU ထိန်းချုပ်ဒေသမှာ စစ်ကောင်စီတပ်ကြောင့် အရပ်သားတွေ နေ့စဉ်သေဆုံးနေရတဲ့အပေါ် KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “စစ်တပ်က လူထုတွေအပေါ်ပြုလုပ်နေကြ ရက်စက်ကြမ်းကြုပ်မှုက မပြောင်းလဲနိုင်ဘူး။ အမြဲတမ်း လုပ်နေတာပါပဲ။ အထူးသဖြင့် သူတို့ အုပ်ချုပ်လို့မရတော့တဲ့နေရာ မြေပြင်လက်လှမ်းမမှီနိုင်တော့တဲ့နေရာမှာ တစ်ဖက်နိုင်ငံရဲ့ အကူအညီနဲ့ အဆင့်မြင့်လက်နက်တွေသုံးပြီး လေကြောင်းပဲ အားကိုးပြီး တိုက်ခိုက်နေတာဖြစ်တယ်” လို့ ပြောပါတယ်။
ဒါ့ကြောင့် KNU ထိန်းချုပ်ဒေသက လူထုတွေက ကြိုတင်တိမ်းရှောင်နိုင်ဖို့နဲ့ ကတုတ်ကျင်းတွေ တူးထားကြဖို့ကိုလည်း မကြာခဏ ပြောဆိုထားတာ ရှိခဲ့တယ်လို့လည်း ပဒိုစောတောနီးက ဆိုပါတယ်။
အလားတူ KNU ထိန်းချုပ်ဒေသမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်နေတာကြောင့် အရပ်သားသေဆုံးမှုနေ့စဉ်ရှိနေတာကို တွေ့နေရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။