ပို့လဘား၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ကမ္မ
မကွေးတိုင်း ပခုက္ကူခရိုင် ကမ္မမြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက် မနက် ၁၀ နာရီခွဲမှာ စစ်ကောင်စီတပ်က ကမ္မမြို့ရဲစခန်းကနေ ကမ္မမြို့ပေါ်ဈေးဘက်ကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ရဲစခန်းရဲ့ အရှေ့ဘက်ကို သူတို့လှမ်းပစ်လိုက်ဝာာ။ ဈေးက ရဲစခန်းအရှေ့ဘက်မှာ ရှိနေတာဆိုတော့လေ။ အမျိုးသမီးနှစ်ယောက်က သူတို့ဈေးဆိုင်က ပစ္စည်းတွေကို ခိုးခံရမှာစိုးလို့ သွားကြည့်ဝာာ။ အဲချိန်မှာ စကစက လက်နက်ကြီးပစ်လာလို့ သူတို့နှစ်ယောက်ကို ထိသွားတယ်။ တယောက်သေပြီး တစ်ယောက်ဒဏ်ရာရတယ်”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကလည်း ကမ္မမြို့ ဈေးအနီးမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒေသခံရဲ့ နေအိမ်တစ်လုံး မီးရှို့ဖျက်ဆီးပြီး ဈေးဆိုင်အတွင်းက ကုန်ပစ္စည်းတွေကိုလည်း ခိုးယူနေတာရှိတယ်လို့ အဆိုပါအမျိုးသားက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်ကလည်း ကမ္မမြို့ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေရဲ့ နေအိမ် ၁၁ လုံးလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။