လွေးဇွန်မိုး၊ မတ်လ ၁၄ ရက်၊ နောင်ချို
စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာအုပ်စု နောင်လိပ်ရွာက အမျိုးသားတစ်ဦးဟာ ထင်းသွားခုတ်ရင်း မြေမြှုပ်မိုင်း နင်းမိခဲ့တာကြောင့် ဘယ်ဖက်ခြေထောက် ဖြတ်လိုက်ရတယ်လို့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။
အသက် ၅၅ နှစ်အရွယ် နောင်လိပ်ရွာခံဖြစ်တဲ့ ဦးသာနီဟာ ပြီးခဲ့တဲ့ မတ်လ ၉ ရက် နေ့လယ် ၃ နာရီဝန်းကျင်မှာ နောင်လိပ်ရွာနဲ့ ၃ မိုင်ခန့်အကွာရှိ တောထဲတစ်နေရာမှာ ထင်းခုတ်နေရင်း မြေမြှုပ်မိုင်း နင်းမိခဲ့တာဖြစ်တယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။
“တောထဲသွားတဲ့အချိန်က သုံးယောက်သွားတယ်။ နှစ်ယောက်က ရှေ့ကို ရောက်သွားပြီ။ အဘ (အဖေ) ကို လာထိတာလေ။ သူတို့ နှစ်ယောက်က ဒဏ်ရာမရဘူး။ သူတို့နှစ်ယောက်က လေးငါးလံလောက် ကွာဝေးတယ်ဆိုတော့လေ”
လက်ရှိမှာ ဒဏ်ရာရထားတဲ့ ဦးသာနီဟာ ပြင်ဦးလွင် ပြည်သူ့ဆေးရုံမှာ ကုသမှုခံယူနေပြီး ကုသစရိတ်အတွက်လည်း ငွေကြေးအကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။
ဦးသာနီ မိုင်းနင်းမိတဲ့ နေရာဟာ အရင်က စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက်စလုံး သွားလာလှုပ်ရှားခဲ့ဖူးတယ်လို့ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း နောင်ချိုမြို့နယ် ဉာဏ်တောကျေးရွာအုပ်စု နောင်လင်ရွာက အမျိုးသားတစ်ဦး အိမ်ခြံရှင်းရင်း မိုင်းနင်းမိခဲ့ပြီး ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက် မနက် ၈ နာရီခွဲမှာလည်း နောင်ချိုမြို့နယ် တောင်ရှည်ကျေးရွာအုပ်စု တောင်ရှည်ရွာမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ ၎င်းတို့ရဲ့ နေအိမ်ခြံဝန်းထဲမှာဘဲ မြေမြှုပ်မိုင်း နင်းမိခဲ့ပြီး ခြေထောက်နှစ်ဖက်စလုံး ပြတ်သွားခဲ့တယ်လို့ သိရပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ကလေး ၂ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး ကလေး ၆ ဦးအပါအဝင် ၂၇ ဦးက ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။