ဝတ်မှုံ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ကွတ်ခိုင်
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့နယ်ကနေ တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်ဘက် ကိုးကန့်တပ်က စားသောက်ကုန်နဲ့ စက်သုံးဆီတွေ သယ်ယူခွင့် မပေးဘူးကို ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က ကွတ်ခိုင်မြို့မှာ တအာင်းနဲ့ကိုးကန့်တပ် တင်းမာမှု ဖြစ်ပြီးနောက် သိန္နီနဲ့ကွတ်ခိုင်ကြားက မန်ပြိန်းရွာဂိတ်မှာ ကိုးကန့်တပ်က စစ်ဆေးမှု တင်းကြပ်ပြီး စားသောက်ကုန်၊ စားသုံးဆီနဲ့ စက်သုံးဆီ သယ်ယူခွင့် မပေးတော့တာလို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောပါတယ်။
“ကွတ်ခိုင်ဘက်ကို စားသောက်ကုန်တွေ ပေးမသယ်ဘူး။ အသီးတို့ ကားပစ္စည်းတွေတော့ သယ်လို့ရတယ်။ မနေ့ကလည်း ကျနော့်သူငယ်ချင်း ကားသမားတွေက တအာင်းခရီးသည်တွေကို တင်လို့တဲ့ ပေးမဖြတ်ဘူး။ ပြန်လှည့်ပြန်ခိုင်းတာ” လို့ ကွတ်ခိုင်-လောက်ကိုင်ဘက် ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ပြောပါတယ်။
အလားတူ ကွတ်ခိုင်ကနေ လောက်ကိုင်ဘက် ကုန်စိမ်း သွားရောင်းတဲ့ ကုန်စိမ်းသည်တွေကိုလည်း သွားရောင်းခွင့် မပေးတော့ဘူးလို့ ဆိုပါတယ်။
“ဆန်၊ စားသုံးဆီ၊ စက်သုံးဆီ ပေးမသယ်ဘူးနော် ကွတ်ခိုင်ဘက်ကို။ မန်ပြိန်းကနေ အတက်ကို ဆန်အိတ်ပါကားဆို သိန္နီမှာ ချခဲ့ဖို့ပဲ ပြောတယ်” ဆိုပြီး ကိုယ်တိုင်ကြုံခဲ့ရသူ နောက်ထပ် အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ကွတ်ခိုင်-လောက်ကိုင်ဘက် ကား ပြေးဆွဲနေတဲ့ ကားသမားတွေထဲက တအာင်းလူမျိုးကို ကားပြေးဆွဲခွင့် မပေးတော့သလို တအာင်းလူမျိုး ခရီးသည် တင်ရင်လည်း ဖြတ်သန်းသွားလာခွင့် မပေးဘူးလို့ အထက်ပါ ကားသမားက ဆက်ပြောပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်ကစပြီး လားရှိုး-အီနိုင်းတံတားမှာရှိတဲ့ ကိုးကန့်တပ်က လားရှိုးကနေ တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ္မတူဘက် စက်သုံးဆီ သယ်ယူခွင့် မပေးတော့ဘူးလို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက်- TCSN က ညီနောင်မဟာမိတ်အချင်းချင်း ဖြစ်ပွားနေတဲ့ ပြဿနာကနေ လူမျိုးရေးအသွင် မဆောင်စေဖို့ TNLA နဲ့ MNDAA ကို မနေ့ ဖေဖော်ဝါရီ ၂၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။