ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ နမ္မတူ
သိန္နီကနေ ကွတ်ခိုင်ဘက် ကုန်စည်စီးဆင်းခွင့် ပိတ်လိုက်ပြီးနောက် လားရှိုးကနေ တအာင်းတပ် ထိန်းချုပ်ထားတဲ့ နမ္မတူဘက် ကုန်စည်စီးဆင်းခွင့်နဲ့ ခရီးသည် သွားလာခွင့်ကိုလည်း ကိုးကန့်တပ်က ထပ်မံ ပိတ်လိုက်ပြီဖြစ်တယ်လို့ ကုန်သည်ကားသမားတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်က လားရှိုးကနေ နမ္မတူဘက် စက်သုံးဆီ တင်သွင်းခွင့် ပိတ်ထားရာကနေ မနေ့ ဖေဖော်ဝါရီ ၂၆ ရက် နေ့လယ်ပိုင်းကနေ စတင်ပြီးတော့ အီနိုင်းတံတားမှာ ကုန်စည်တင်သွင်းခွင့်အားလုံးကို ပိတ်လိုက်တာ ဖြစ်ပါတယ်။
“အရင်ရက်တုန်းက ကုန်တွေ ကဲ့လို့ရသေးတယ်။ မနေ့ နေ့လယ်ကတော့ သူတို့ဆရာ ရောက်လာပြီးတော့ ကုန်ပါတဲ့ကားတွေ အကုန်နောက်ပြန်လှည့်ခိုင်းတာ။ လူပဲဆို ရတယ်။ ဂျက်ဖာတောင် ပေးမသယ်တော့ဘူး။ အကြောင်းပြချက် မပြောဘူး။ အကုန်လှည့်ခိုင်းတာ” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောဆိုပါတယ်။
ဒါ့အပြင် ခရီးသည် သယ်ဆောင်ခွင့်ကိုလည်း ဒီနေ့ နေ့လယ်ပိုင်းမှာ ပိတ်လိုက်ပြီလို့ နောက်ထပ် ကားသမားတစ်ဦးက ပြောပါတယ်။
“မနက် အသွားတုန်းက ရတယ်။ ပြန်လာတော့ ခရီးသည်တွေ ပေးမဖြတ်တော့ဖူး။ ခါလီပဲ ရတယ်။ ဂိတ်မှာ တုတ်တွေလည်း ချထားတယ်”
ကိုးကန့်တပ်ဟာ သိန္နီကနေ ကွတ်ခိုင်ဘက် ကုန်စည်သယ်ဆောင်ခွင့် ပိတ်ထားသလို ကိုးကန့်တပ် ထိန်းချုပ်ဒေသအတွင်း တအာင်းလူမျိုး သွားလာခွင့်ကိုလည်း စစ်ဆေးမှု တင်းကြပ်ပြီး တားဆီးထားပါတယ်။
လက်ရှိ တအာင်းတပ်နဲ့ကိုးကန့်တပ်တို့အကြား တင်းမာမှု လျော့ကျသွားခြင်း မရှိသေးဘဲ နှစ်ဖက်တပ် တွေ့ဆုံဆွေးနွေးနိုင်ခြင်းလည်း မရှိသေးပါဘူး။
မဟာမိတ်အချင်းချင်းကြား ပြဿနာကနေ လူမျိုးရေး ပဋိပက္ခအသွင် မဆောင်ဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းများကွန်ရက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။