ရွှေဖီမြေ၊ ဇွန်လ ၉ ရက်၊ ပန်ဆန်း
”ဝ”နယ်စပ်ဒေသကနေ တရုတ်ဘက် မူးယစ်ဆေးဝါး မှောင်ခိုကူးသူတွေကို “ဝ”တပ်မတော်- UWSA ရဲ့ တရားစီရင်ရေး ကော်မတီနဲ့ တရုတ်အစိုးရ ပူးပေါင်းပြီး နှိမ်နင်းကာ ဖမ်းဆီးနိုင်ခဲ့ပြီး ဆေးပစ္စည်းတွေကိုတော့ တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးလိုက်တယ်လို့ ဝ အထူးရဲတပ်ဖွဲ့- WSP (Wa Special Police)က မနေ့ ဇွန်လ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ နိုင်ငံခြားကတဆင့် ထုတ်လုပ်ပြီး တရုတ်နိုင်ငံထဲ ခိုးသွင်းဖို့ ကြိုးပမ်းနေတာကို သတင်းရပြီးနောက် တရုတ်နိုင်ငံအစိုးရရဲ့ သက်ဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ရဲ့ ပံ့ပိုးကူညီပေးမှုကို ရရှိခဲ့ရာ UWSA ရဲ့ တရားရေး ကော်မတီဘက်က အမှုကို အမြန်ဆုံး စုံစမ်းစစ်ဆေးမှု လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မူးယစ်ဆေး အမျိုးအစားတွေဖြစ်တဲ့ စိတ်ကြွဆေးပြား ၇၂၇.၅ ကီလိုဂရမ်၊ ဘိန်း ၆.၂ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၉ ကီလို၊ အက်ဖီဒရင်း(Ephedrine) ဝ.၅ ကီလိုဂရမ်၊ သံသယဖြစ်ဖွယ် မူးယစ်ဆေးဝါး ဝ.၃ ကီလိုဂရမ်နဲ့ ဆေးဝါး ၆၅ ပုလင်းတို့ကို တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
”ဝ”-တရုတ်နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ မန်အာဆိပ်ကမ်းမှာ ဖမ်းဆီးရမိခဲ့တဲ့ ဆေးဝါးတွေကို မနေ့ ဇွန်လ ၈ ရက်က တရုတ်နိုင်ငံဘက် လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတွေအနေနဲ့လည်း မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမှာ တက်ကြွစွာနဲ့ ပါဝင်ဆောင်ရွက်ကြဖို့၊ မူးယစ်ဆေးဝါးကို ပူးပေါင်းတွန်းလှန်ဖို့နဲ့ မူးယစ်ဆေးဝါး ကင်းစင်ပြီး ကျန်းမာတဲ့ လူမှုပတ်ဝန်းကျင်ကို ဖန်တီးကြဖို့ “ဝ”ပြည်ရဲ့ တရားရေး ကော်မတီက တောင်းဆိုထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။