ပို့လဘား၊ မေလ ၂၅ ရက်
မန္တလေးတိုင်း မတ္တရာမြို့နဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်နဲ့ ၁၆ နှစ်အရွယ် အမျိုးသမီးနှစ်ဦးဟာ တရုတ်-လာအိုနယ်စပ် ခွန်မင်းမြို့မှာ လူကုန်ကူးခံရပြီး လက်ရှိ ၎င်းတို့ရဲ့ မိသားစုဝင်နဲ့ အဆက်အသွယ်ရဖို့ အကူအညီ လိုအပ်နေတယ်လို့ လားရှိုးအခြေစိုက် ပရဟိတအသင်းဖြစ်တဲ့ FYO ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီအမျိုးသမီးနှစ်ဦးကို တရုတ်-လာအိုနယ်စပ်ဖြစ်တဲ့ ခွန်မင်းမြို့မှာ ပွဲစားတစ်ယောက်က စိုက်ပျိုးရေးအလုပ် ရှိတယ်ဆိုပြီး ခေါ်သွားခဲ့တာလို့ ပြောပါတယ်။
“သူတို့နှစ်ယောက်ကို ခွန်မင်း ရောက်တဲ့အချိန်မှာ စိုက်ပျိုးရေး လုပ်မယ်ဆိုပြီး ခေါ်သွားကြတာပေါ့နော်။ တစ်ရက်ကို တရုတ်ယွမ် ၂ဝဝ နဲ့ ရတယ်ဆိုပြီး ခေါ်သွားတယ်။ အဲမှာရောက်တော့ မြန်မာနိုင်ငံကလူတွေလည်း များတာပေါ့နော်။ တရုတ်မယား လုပ်တာတွေ တွေ့တော့ ထွက်ပြေးလာတယ်။ ထွက်ပြေးလာတဲ့အချိန်မှာ တရုတ်ရဲတွေနဲ့မိတော့ တရုတ်ရဲတွေ ဖမ်းထားတာ ခံရတယ်”
အဆိုပါအမျိုးသမီး ၂ ဦးကို တရုတ်ရဲက ၆ လ ဖမ်းဆီးထောင်ချပြီးနောက် တရုတ်ရဲက ၎င်းတို့ကို ချင်းရွှေဟော်ဂိတ်အထိ လိုက်ပို့ပေးခဲ့တာဖြစ်ပြီး ဒီနေ့ မေလ ၂၄ ရက်မှာတော့ ရှမ်းမြောက် လားရှိုးမြို့သို့ ရောက်ရှိလာတယ်လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။
“သူတို့နှစ်ယောက် ချင်းရွှေဟော်ဂိတ်ရောက်တော့ ကားတားပြီး မျက်စိလည်ပြီး ဒီမနက်မှ လားရှိုးဘက် ရောက်လာတယ်။ အစက သူတို့အထည်စက်ရုံမှာ လုပ်တယ်တဲ့ တစ်လကို တရုတ်ယွမ် ၅ ထောင် ရတယ်။ ဟိုဘက်မှာ တစ်လကို တစ်သိန်း ရမယ်ဆိုပြီးတော့ အဲဘက် ခေါ်သွားခံရတာပေါ့နော်”
အသက် ၁၆ နှစ်အရွယ် မနှင်းသက်ဝေဟာ မန္တလေးတိုင်း မတ္တရာမြို့ကဖြစ်ပြီး အသက် ၂၈ နှစ်အရွယ် မညိုမီအောင်ဟာ ရန်ကုန်တိုင်း လှိုင်သာယာမြို့က ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီအမျိုးသမီးနှစ်ဦးဟာ မိသားစုဝင်နဲ့ အဆက်အသွယ် မရသေးတာကြောင့် လားရှိုးမြို့ရှိ FYO ပရဟိတအသင်းက ကူညီစောင့်ရှောက်ပေးထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။