မိုင်းပန်ပျော်၊ ဇွန်လ ၁၈ ရက်၊ နမ့်ခမ်း
တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စုထဲက အမျိုးသား ၂ ဦးကို ကိုးကန့်တပ်-MNDAA တပ်က သူခိုးလို့စွပ်စွဲပြီး ဖမ်းဆီးသွားတာ ၁ လကျော်တဲ့အထိ ပြန်လွှတ်လာတာမရှိသေးဘူးလို့ နီးစပ်တဲ့ မိသားစုဝင်တွေထံက သိရှိရပါတယ်။
MNDAA တပ်က အဲအမျိုးသား ၂ ဦးကို ဖမ်းဆီးသွားတာဟာ ခိုင်လုံတဲ့သက်သေ မရှိတဲ့အပြင် ဖမ်းဆီးထားတဲ့ အတောအတွင်းမှာလည်း အဆက်အသွယ်ပေးမလုပ်တာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်
“သူတို့(MNDAA) ဖမ်းပြီး နမ့်ဖတ်ကာမှာ သွားထားတာ။ သွားတွေ့လို့လည်းမရဘူး။ ဆက်သွယ်လို့လည်းမရဘူး။ အခုဆိုရင် ၁ လတောင်ကျော်ပြီ။ သူတို့ ဘာလုပ်မလဲမသိဘူး။ သူတို့ဖမ်းသွားတာ သက်သေခိုင်လုံလားဆိုလည်း မဟုတ်ဘူး။ ဒီတိုင်းသူများတိုင်လို့ လာဖမ်းသွားတာ။ တိုင်တဲ့လူတွေသွားမေးကြည့်တော့လည်း သူတို့မတိုင်ဘူးလို့လည်းပြောသေးတယ်”
အဲဒီအမျိုးသား ၂ ဦးကို MNDAA တပ်က သေဒဏ်ချမှတ်မယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် မိသားစုဝင်တွေက သေဒဏ်ချမှတ်မှာကို စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။
အဲအမျိုးသား ၂ ဦးဖမ်းခံရတာနဲ့ပတ်သက်ပြီး မိုင်းဝီးမြို့နယ်က သက်ဆိုင်ရာတာဝန်ရှိသူတွေဆီလည်း အကြောင်းကြားပြီးဖြစ်တယ်လို့ ၎င်းကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၆ ရက်မှာ အဲဒီအမျိုးသား ၂ ဦးကို ကွတ်ခိုင်မြို့နယ် ဟိုရီးကျေးရွာက ဒေသခံတွေရဲ့ နေအိမ်ကို ဓားပြတိုက်ခဲ့တယ်လို့ ဒေသခံတွေက MNDAA တပ်ကို တိုင်ကြားခဲ့ပြီးနောက် လာရောက်ဖမ်းဆီးသွားခဲ့တာလို့ စယ်နေကျေးရွာဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
အခုလက်ရှိ ဖမ်းဆီးခံရတဲ့ အမျိုးသား ၂ ဦးဟာ ၁ ဦးက စယ်နေကျေးရွာမှာ နေထိုင်တဲ့သူဖြစ်ပြီး နောက်ထပ် ၁ ဦးက ဟိုတီးကျေးရွာခံဖြစ်တယ်လို့ ၎င်းကဆက်ပြောပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။