ရွှေဖီမြေ၊ ဇွန်လ ၂၁ ရက်၊ ကွတ်ခိုင်
တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်နဲ့လားရှိုးမြို့နယ်မှာ လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တယ်လို့ TNLA က မနေ့ ဇွန်လ ၂၀ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်မှာ ကွတ်ခိုင်မြို့နယ် ဟိုကျန့်ရွာရှိ ဦးဇော်မိုင်ရဲ့နေအိမ်မှာ လက်နက်ပစ္စည်းတွေ စုထားတယ်ဆိုတဲ့သတင်း ရရှိတာကြောင့် TNLA ရဲ့ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ ကာဘိုင် ၂ လက်၊ M-21 ၁ လက်၊ ပစ္စတို ၆ လက်၊ MA-1 ၄ လက်၊ MA-2 ၂ လက်၊ G-3 ၁ လက်၊ ကျည်ဘောက် ၂၃ ခု၊ (၅.၅၆)ကျည် ၇၈ ထောင့်၊ 9MM ကျည် ၅၀ ထောင့်၊ 120MM ပြောင်းအထိုင် ၁ ခု၊ ပွိုင့် ၂၂ ကျည် ၃၀၀ ထောင့်နဲ့ ယာမဆေးပြား ၃၆၀ ပြား ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ ၆ ရက်ကလည်း ဟိုပိတ်ရွာကနေ နောင်ချိုမြို့ဘက် ကားနဲ့သွားမယ့် အမျိုးသား ၂ ဦးကို အီနိုင်းရွာအနီးရှိ TNLA ရဲ့ စစ်ဆေးရေးဂိတ်က စစ်ဆေးရာ လက်ပစ်ဗုံး ၇ လုံး၊ နင်းမိုင်း ၁ လုံး၊ M9 ၇ လုံး၊ (၅.၅၆)ကျည် ၁၂၈၀ ထောင့်၊ (၇.၆၂)ကျည် ၅၆ ထောင့်၊ 9MM ကျည် ၆၆ ထောင့်၊ (၅.၆၅)ကျည် ၅ ထောင့်၊ ယာမဆေးပြား ၁၅၂ လုံး၊ စတားလင့် ၁ လုံးနဲ့ ငွေ သိန်း ၅၀ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးနဲ့ လက်နက်ခဲယမ်း သယ်ဆောင်လာသူကတော့ စစ်ကိုင်းတိုင်း မုံရွာနဲ့ ဝတ်လက်မြို့နယ်မှာ နေထိုင်သူတွေဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် ကိုထွန်းဇင်းအောင်နဲ့ ကိုချစ်ဝိုင်းတို့ဖြစ်ပြီး သူတို့တွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။