ရွှေဖီမြေ၊ ဒီဇင်ဘာ ၁၇ ရက်၊
အရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည် မြောက်ဦးမြို့မှာ အရပ်သားတွေ ဆေးကုသနေတဲ့ ဆေးရုံကြီးကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ် ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုးကန့်တပ်-MNDAA နဲ့ တအာင်းတပ် -TNLA တို့က ကန့်ကွက်ရှုတ်ချကြောင်း မနေ့ ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် ည ၉ နာရီ ၁၃ မိနစ်မှာ တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံကြီးတစ်ခုလုံးနီးပါနဲ့ ဆေးရုံအနီးက နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဆေးရုံအတွင်း ဆေးကုသမှုခံယူနေကြတဲ့ ကလေး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ သက်ကြီးရွယ်အိုနဲ့ ကျန်းမာရေးဝန်းထမ်းတွေအပါအဝင် ပြည်သူ ၃၃ ဦး ပွဲချင်းသေဆုံးခဲ့ပြီး ၇၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁၁ ရက်မှာလည်း စစ်ကောင်စီတပ်က စစ်ရှောင်တွေ နေထိုင်တဲ့ ကျောက်ဖြူမြို့နယ်က ငလုံးစုံအထက်ရွာနဲ့ အောက်ရွာကို ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင်သူ ၉ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်မှာလည်း ကျောက်ဖြူမြို့နယ် ကျောက်ကလေးရွာ ဘုန်းကြီးကျောင်း၊ အင်တိုင်းကြီးကျေးရွာက ဘုန်းကြီးကျောင်းနဲ့ မင်းရပ်ကျေးရွာက စာသင်ကျောင်းတို့ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အရပ်သားတွေကို ဦးတည်ပစ်မှတ်ထားတိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးစေတဲ့ စစ်ရာဇဝတ်မှုကို ဆက်တိုက်ကြူးလွန်နေတဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ဆိုးတွေနဲ့ မြန်မာပြည်ကို ကျရှုံးနိုင်ငံအဖြစ် အဆုံးစွန်ထိ တွန်းပို့နေတာဖြစ်တယ်လို့ ရှုမြင်ကြောင်း MNDAAနဲ့ TNLA တို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ရာဇမှုကိုအမြန်ဆုံး ရပ်တန့်ရေးအတွက် လူသားချင်းစာနာထောက်ထားသော၊ ယဉ်ကျေးသော လူ့အဖွဲ့အစည်းဖြစ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကို ကူညီဆောင်ရွက်ပေးဖို့ MNDAAနဲ့ TNLA တို့က တောင်းဆိုထားပါတယ်။
အပြစ်မဲ့အရပ်သားတွေအပေါ် ပြစ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီကို တရားမျှတမှုအတွက် ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။