မိုင်းအရှိုင်း၊ မေလ ၅ ရက်၊ ကွမ်းလုံ
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာနေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ ကိုးကန့်ဒေသခံကဒ်ပြားနဲ့ တရုတ်ပြည်ဝင်ခွင့်ကဒ်လုပ်လို့ရတယ်လို့ ကွမ်းလုံဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
“ချင်းရွှေဟော်မှာ တရုတ်ပြည်ဝင်ခွင့်ကဒ်ကို ယွမ် ၃၈၀ နဲ့ လုပ်ပေးတယ်” လို့ ရွှေဖီမြေကို အတည်ပြုထားပါတယ်။
ကိုးကန့်ဒေသခံမဟုတ်ဘဲ ကိုးကန့်ဒေသခံကဒ်မရှိတဲ့ ပြည်သူလူထုတွေကလည်း မူရင်းမှတ်ပုံတင်နဲ့ ဒေသခံဖြစ်သူတွေရဲ့ ထောက်ခံပေးမှုရှိရင် တရုတ်ပြည်ဝင်ခွင့်ကဒ် လုပ်လို့ရတယ်လို့လည်း ဆိုပါတယ်။
“ကျန်တာမလိုဘူး။ ထောက်ခံပေးတဲ့သူက ဒေသခံဖြစ်ကြောင်း၊ အိမ်ထောင်စုမူရင်းနဲ့ မှတ်ပုံတင်မူရင်းပါရင်ရပြီ”
ကိုးကန့်တပ်- MNDAA က လားရှိုးမြို့ကနေ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်က လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာပြီးနောက်ပိုင်း ဒေသတွင်းထဲကို ဗမာလူမျိုးဝင်လာခွင့်ကိုတင်းကြပ်ခဲ့ပြီး မူလဒေသခံတွေကို နေထိုင်ခွင့်ကဒ်အသစ်ပြန်လည် ထုတ်လုပ်ပေးခဲ့ပါတယ်။
လက်ရှိမှာတော့ အဲဒီနေထိုင်ခွင့်ကဒ်တွေနဲ့ တရုတ်ပြည်ဝင်ခွင့်ကဒ်လုပ်လို့ရနေပြီး ဒေသခံမဟုတ်တဲ့သူတွေအတွက်လည်း ကဒ်တွေထုတ်ပေးပြီဖြစ်တယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။