ခိုင်လေး၊ ဇွန်လ ၁၃ ရက်၊ သီပေါ
တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ ဖွင့်ထားတဲ့ မိဘမဲ့ဂေဟာကျောင်းမှာရှိတဲ့ ကလေးငယ်တွေဟာ စာသင်ကြားဖို့အတွက် စာရေးကိယာ လိုအပ်နေတယ်လို့ နှလုံးသားပရဟိတအဖွဲ့ခေါင်းဆောင် နေဇော်ထွန်းက ရွှေဖီမြေကို ပြောပါတယ်။
ကျောင်းတွေ ပြန်လည် ဖွင့်လှစ်တော့မှာ ဖြစ်တာကြောင့် မိဘမဲ့ကလေးငယ်တွေအတွက် စာအုပ် ဘောပင်အပြင် ဖိနပ်နဲ့ ကျောင်းဝတ်စုံတွေ လိုအပ်တာနေတာလို့ ဆိုပါတယ်။
”ကလေးတွေက အားလုံးပေါင်း ၃၀ လောက်ဘဲရှိတာ။ တချို့ကလေးတွေဆို ကျောင်းတက်ဖို့ ဖိနပ်အပြည့်အစုံတောင် မရှိဘူး။ ဗလာစာအုပ်ဆိုရင် တစ်ယောက်တစ်အုပ်ဘဲ ရှိတယ်။ ကျန်းမာရေးအပိုင်းကျတော့ တစ်ကိုယ်ရေ သန့်ရှင်းရေးအပိုင်းဘဲ လိုအပ်မယ်ဗျ။ ကျောင်းက သုံးကျောင်းရှိတာ။ အဲထဲမှာမှ “ရင်ခွင်မဲ့သူများ”ဂေဟာကျောင်းက ကလေးတွေအတွက် ပိုလိုအပ်တယ်ဗျ”
မိဘမဲ့ဂေဟာကျောင်းမှာ နေထိုင်တဲ့ ကလေးငယ်တွေဟာ အသက် ၃ နှစ်ဝန်းကျင်ကနေ ၁၅ နှစ်ဝန်းကျင်ကြားက ကလေးငယ် ဖြစ်ကြပြီး သူတို့တွေဟာ စာရေးကိရိယာအပြင် စားဝတ်နေရေးအတွက်လည်း အကူအညီ လိုအပ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
မိဘမဲ့ကျောင်းက ကလေးငယ်တွေကို ကူညီထောက်ပံ့ချင်တယ်ဆိုရင် နှလုံးသားပရဟိတအဖွဲ့သို့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။
”ရင်ခွင်မဲ့သူများ”ဂေဟာမှာ ကလေးငယ် ၃၀ နီးပါးရှိပြီး ဆုတောင်းရာအိမ်က ၅၀ ဦး၊ လီဆူ ပညာရေးဂေဟာက ၅၀ ဦးကျော် ရှိတာဖြစ်ပြီး မိဘမဲ့ကျောင်း သုံးကျောင်းစလုံးက သီပေါမြို့ထဲမှာ ရှိပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။