မိုင်းရူပ၊ ဒီဇင်ဘာ ၂၃ ရက်
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့ကို ပြန်ရပြီးနောက် စစ်ကောင်စီတပ်ဟာ စဥ့်ကူးနဲ့ ကျောက်မြောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရတနာသိင်္ခတံတားကို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
ရတနာသိင်္ခတံတားဟာ မန္တလေးတိုင်း စဥ့်ကူးနဲ့ စစ်ကိုင်းတိုင်း ကျောက်မြောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ တံတားဖြစ်ပြီး မနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရတနာသိင်္ခတံတားဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်မှာ မိုင်းခွဲဖျက်ဆီးခံရပြီး စစ်ကောင်စီတပ်ဘက်ကတော့ တော်လှန်ရေးတပ်တွေဘက်က မိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်မှာ စစ်ကောင်စီတပ်က စဥ့်ကူးမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တစ်ခုလုံး ပြန်ရရေး ဆက်လက်ထိုးစစ်ဆင်နေတိုက်ခိုက်ပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တိုက်ပွဲတော့ ဆက်ဖြစ်နေတယ်။ လက်ပန်လှနဲ့ ဇရပ်ကွင်းကြားမှာ တော်လှန်ရေးတပ်တွေဘဲ။ ဇရပ်ကွင်းလည်း သူတို့ရထားပြီဆိုတော့ ကျည်တောက်ပေါက်ဘက်တော့ ဆက်ထိုးလာနိုင်တယ်။ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တစ်ခုလုံး စကစပြန်ရသွားနိုင်တယ်”
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်နှစ်ဆန်းပိုင်းကစပြီး မန္တလေး PDF နဲ့ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ စဥ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
လက်ရှိ စစ်ကောင်စီတပ်ဟာ စဥ့်ကူး၊ သပိတ်ကျင်းနဲ့မတ္တရာမြို့နယ်အားလုံးနီးပါးကို ပြန်ထိန်းချုပ်နိုင်ခဲ့
ပြီး မိုးကုတ်မြို့ကိုလည်း တရုတ်အကူအညီနဲ့ စစ်ကောင်စီပြန်ရခဲ့တာကြောင့် မိုးကုတ်- မန္တလေး လမ်းပိုင်းတစ်ခုလုံး ပြန်ထိန်းချုပ်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်လာနိုင််တယ်လို့ စစ်ရေးအကဲခတ်တွေကသုံးသပ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။