ရဲမာန်၊ ဇွန်လ ၂၆ ရက်၊ ဖယ်ခုံ
ရှမ်းတောင် ဖယ်ခုံအရှေ့ဘက်ခြမ်း ဆောင်နန်းခဲကျေးရွာက နေအိမ်ပေါင်းတစ်၀က်ကျော်ကို စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်-PNOတပ်ဖွဲ့တို့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က စစ်ကောင်စီပအိုဝ်းပြည်သူ့စစ်ပူးပေါင်းတပ်တို့ အင်အားတစ်ထောင်ကျော်နဲ့ စစ်ကြောင်းထိုးပြီး ဆောင်နန်းခဲကျေးရွာကနေအိမ် ၆၀ ကျော်ရှိတဲ့အနက် ၃၀ နီးပါးကို မီးရှိုးဖျက်ဆီးသွားတာလို့ ပြောပါတယ်။
“အဓိကတော့ တော်လှန်ရေးအင်အားစုမှာ ကယန်းလူငယ်တွေများတာပေါ့နော်။ ကယန်းတွေကတော့ စစ်ရေးကို ကယန်းစကားဘဲ အသုံးပြုကြတာဆိုတော့ ကယန်းလူမျိုးကို မဲလာတာပေါ့။ အဲ့ဒီအခါကြတော့ ကယန်းရွာမှန်သမျှ မီးရှို့မယ် ဖျက်ဆီးမယ်ဖြစ်လာတာပေါ့”
ဇွန်လ ၂၃ ရက်မှာ စစ်ကောင်စီ နဲ့ PNO တပ်တို့ဟာ အင်အား ၅၀၀ နဲ့ စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ပေမဲ့ တော်လှန်ရေးအင်အားစုတွေက ခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
နောက်နေ့ ဇွန်လ ၂၄ ရက်မှာ အင်အား ၁ ထောင်နဲ့ တစ်ဖန် ပြန်လှန်စစ်ကြောင်းထိုးပြီး ဒရုန်းနဲ့ လက်နက်ကြီးတွေကို လမ်းတလျှောက်ပစ်ကူခဲ့တာကြောင့် တော်လှန်ရေးအင်အားစုတွေဟာ နောက်ဆုတ်ခဲ့ရတယ် ၎င်းက ဆက်ပြောပါတယ်။
PNOတပ်ဖွဲ့တွေဟာ အခုဖြစ်ပွားနေတဲ့စစ်ပွဲကို နိုင်ငံရေးစစ်ပွဲထက် လူမျိုးရေးစစ်ပွဲကို ဖော်ဆောင်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်က စစ်ကောင်စီနဲ့ PNOတပ်တို့ စစ်ကြောင်းထိုးလို့ ဖယ်ခုံနယ်ထဲက လွယ်ပေါ၊ ပိန္နဲကုန်း၊ နမ့်ပေါ်လုံ နဲ့ ဆောင်နန်းခဲရွာက ဒေသခံ ၁၇၀၀ ကျော် စစ်ရှောင်နေရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပြခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။