ရဲမာန်၊ ဒီဇင်ဘာ ၁၇ ရက်၊ ရေဖြူ
တနင်္သာရီတိုင်း ရေဖြူမြို့ပေါ်က ဌာနဆိုင်ရာရုံးနဲ့ မဲစာရင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွေးကောက်ပွဲကော်မရှင်ရုံး၊ အုပ်ချုပ်ရေးယန္တရားအဆောက်အအုံတွေနဲ့ ရဲစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းက ဒီနေ့ ဒီဇင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
“လနဲ့ချီပြီးပင်ပင်ပန်းပန်း ကောက်ခဲ့တဲ့မဲစာရင်းတွေ အခုတော့ ကျနော်တို့ဖျက်စီးလိုက်ပြီဆိုတော့ သူတို့အလုပ်မရှိတော့ ကျေးရွာတွေဘက်စစ်ကြောင်းထိုး အိမ်တွေမီးရှို့ ရွာသူရွာသားတွေဖမ်း ယောက်ကျားတွေကိုသုံးစားမရရင်သတ် ရရင်စစ်မှုထမ်းခိုင်းဒါပေါ့။ မိန်းမတွေကြတော့ သူတို့စစ်ကြောင်းထိုးရာလမ်းတလျှောက်ခေါ်ဆောင်ပြီး ဓားဇာခံလုပ်ဒါပေါ့။ အဲဒါသူတို့အလုပ်ဘဲလေ လက်နက်မဲ့ပြည်သူတွေကိုအနိုင်ကျင့်တာ။ သတ်တာကတော့ ဘယ်နှစ်ယောက်လဲ အတည်မပြုနိုင်သေးဘူး။ မနေ့ကတော့ ခမောင်ချောင်းရွာမှာ လူငယ်တစ်ယောက်ကို ပစ်သတ်ခဲ့တယ်”လို့ ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်းက တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ရေဖြူမြို့ပေါ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရေဖြူမြို့ရဲမစခန်းကို တိုက်ခိုက်ပြီးသည်နဲ့ တပြိုင်နက် ခြေမြန်တပ်ရင်း (ခမရ) ၄၀၆၊ ခမရ ၄၀၇၊ အမြောက်တပ် (အမတ) ၃၀၄နဲ ရေဖြူမြို့ ရပ်တော်မှုဘုရားယာယီစခန်းတို့ကို ဒရုန်းနဲ့ လက်နက်ကြီးတို့ကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။
“မြို့မရဲစခန်းမှာ အင်အား ၅၀ လောက်ရှိပါတယ်။ ပစ်ခတ်မှုကတော့ မနက် ၉ နာရီခွဲကနေ ၁၁နာရီလောက်ထိကြာခဲ့ပါတယ်။ စကစ သေဆုံးမှုတော့ရှိပါတယ်။ အတိကျတော့ မသိရသေးဘူး။ လက်နက်သိမ်းဆည်းရမိတာတော့ မရှိဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-TPLF၊ ဗျူဟာ (၃၃ )ဒေါနစစ်ကြောင်း( ၃ )KBDF၊ ဗျူဟာ (၃၃) ဒေါနတပ်ခွဲ-၆(ဝေဟင်တပ်ဖွဲ့)၊ဗျူဟာ(၃၃)ဒေါနတပ်ခွဲ -၇(LPF)၊ ရေဖြူ ပကဖ၊ Ba Htoo Army၊ ဂျိုးဖြူ ပြောက်ကျား၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ -DEFPDF၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး-DDPDF၊ Aဒင်မှူး၊ DNUနဲ့ နဂါးနီပြောက်ကျားတပ်ဖွဲ့မှ ပူးပေါင်းတိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။