မိုင်းရူပ၊ ဇူလိုင် ၁ ရက်၊ ဖယ်ခုံ
စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ရှမ်းတောင် – ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင်းက လမ်းမကြီးကို မသုံးမပြုကြဖို့ ကရင်နီ တော်လှန်ရေးတပ်တွေက မနေ့ ဇွန်လ ၃၀ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။
မိုးဗြဲမြို့အတွင်းကို စစ်ကောင်စီတပ်က စစ်အင်အား အများအပြားအသုံးပြုပြီး ဝင်ရောက်လာနေတာကြောင့် လူထုတွေအနေနဲ့ မိုးဗြဲမြို့အတွင်းရှိလမ်းမကြီးကို မသုံးမပြုကြဖို့နဲ့ မြို့အနီးရှိ လူထုတွေ စစ်ရေးသတိရှိကြဖို့ ကရင်နီတော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။
မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် မြို့တွင်းမှာ နေ့စဥ်လိုလို တိုက်ပွဲဖြစ်ပွားနေပြီး လေကြောင်းနဲ့ပါ နေ့စဥ်လိုလို တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တိုက်ပွဲက ဆက်ဖြစ်နေတယ်။ နေအိမ်လည်း မီးရှို့ခံရတာရှိတယ်။ နေရောညရော လေယာဉ်လာကျဲသွားတာပေါ့”
ဒါ့အပြင် မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့အတူ ပအိုဝ်းပြည်သူ့စစ် PNO လည်း ပါဝင်တိုက်ခိုက်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ ၎င်းတို့ လက်လွှတ်ထားရတဲ့ မိုးဗြဲမြို့ကို ပြန်ရဖို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ကရင်နီ တော်လှန်ရေးတပ်တွေဘက်က မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ မြို့အနီးရှိ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ – ၄၄၂ တပ်စခန်းကိုတော့ သိမ်းပိုက်နိုင်ခြင်းမရှိပဲ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ မိုးဗြဲတိုက်ပွဲနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။