ရွှေဖီမြေ၊ ဇွန်လ ၁၀ ရက်
တအာင်းတပ်မတော်-PSLF/TNLA ရဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ ကျားဖြန်လုပ်ကိုင်သူ ၁၂ ဦးကို တအာင်းတပ် ရဲတပ်ဖွဲ့က တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေထဲမှာ ကွတ်ခိုင်မြို့နယ်က ၅ ဦး၊ နမ္မတူမြို့နယ်မှာ ၃ ဦးနဲ့ နမ့်ခမ်းမြို့နယ်ထဲမှာ ၄ ဦးဖြစ်ပြီး ၎င်းတို့ကို ဒီနေ့ ဇွန်လ ၁၀ ရက်မှာ တရုတ်ရဲတပ်ဖွဲ့ထံ တအာင်းတပ်ရဲတပ်ဖွဲ့ဘက်က လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်ထဲမှာ ဖမ်းဆီးရမိတဲ့ ကျားဖြန်လုပ်ကိုင်သူတွေကို မြို့နယ်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး နမ္မတူမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ ကျားဖြန်လုပ်ကိုင်သူတွေကတော့ ကျားဖြန်လုပ်ဖို့ စီစဥ်နေချိန်အတွင်း ဖမ်းဆီးရမိခဲ့တာလို့ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေထဲမှာ ဝမ်ထန်လင်၊ ဝမ်ကေ့ကန်၊ ကျန့်ရှောင်ချိန်၊ ခုန်ချင့်ဆော့၊ ထန်မောင်ချွန်း၊ ကျုံးချွင်းဟုန်၊ချန်ကျားလင်၊ ကျောင်းယွီ၊ ဟုန်ချန်ရှင်း၊ အားဟောင်၊ အားဟွမ်နဲ့ အားယွမ်ဆိုသူတွေဖြစ်ပါတယ်။
TNLA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကျားဖြန်လုပ်ကိုင်သူတွေကို စစ်ဆေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့သာ ဖော်ပြထားပြီး ၎င်းတို့ဘယ်နေရာမှာ ကျားဖြန်လုပ်ကိုင်ခဲ့လဲဆိုတာကိုတော့ ဖော်ပြထားတာ မရှိပါဘူး။
အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ စစ်ကောင်စီအပါအဝင် ၎င်းနဲ့ ထိတွေ့ဆက်ဆံမှုရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို တရုတ်ဘက်က မကြာခဏ ဖိအားပေးနေတာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။