မိုင်းရူပ၊ ဇွန်လ ၁၉ ရက်
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ကိုးကန့်တပ်မတော် MNDAA အကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နှစ်ဖက်တပ်ခေါင်းဆောင်တွေက တွေ့ဆုံခဲ့ကြပြီး အငြင်းပွားမှုတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ သဘောတူခဲ့ကြတယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်မှာ ရှမ်းမြောက် လားရှိုးမြို့နယ်မှာ သံလွင်ကျေးရွာမှာ MNDAA နဲ့ SSPP ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပြီး နှစ်ဖက်တပ်အကြား ဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေကို ထိန်းသိမ်းဖို့နဲ့ ဆွေးနွေးပွဲကနေတစ်ဆင့် ဖြေရှင်းဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲမှာ MNDAA ရဲ့ ဒုတိယစစ်ဦးစီးချုပ်က ကိုးကန့်တပ်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ပဋိပက္ခဖြစ်ပွားလိုတာမရှိဘူးလို့ ပြောကြားခဲ့ကြောင်း ကိုးကန့်တပ်က ထုတ်ပြန်ထားပါတယ်။
ဆွေးနွေးပွဲမှာ MNDAA ဘက်က ဒုစစ်ဦးချုပ် ဦးဆောင်တဲ့အဖွဲ့ တက်ရောက်ခဲ့ပြီး SSPP ဘက်က ဗိုလ်ချုပ်ကြီး စံဝ်နိုင်ဖဦးဆောင်တဲ့အဖွဲ့ တက်ရောက်ခဲ့ကာ “ဝ” တပ်ဖွဲ့ UWSA ဘက်က အသိသက်သေအဖြစ် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
SSPP နဲ့ MNDAA အကြား နယ်မြေအငြင်းပွားမှု ဖြစ်ပွားခဲ့တဲ့ ရှမ်းမြောက် လားရှိုးနဲ့ သီပေါမြို့နယ်ကြား ဟန်နား၊ နမ္မ စတဲ့ကျေးရွာမှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာတာ မရှိတော့ဘူးလို့ ဒီဖြစ်စဥ်ကို သိရှိထားတဲ့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဟန်နားထဲမှာ MNDAA နေတယ်။ အဲဘက်တော့ အေးအေးဆေးဆေးပါဘဲ။ ဘာမှတော့ မကြားရသေးဘူး” လို့ ဆိုပါတယ်။
SSPP တပ်ဘက်တော့ နှစ်ဖက်တပ်ခေါင်းဆောင်တွေ တွေ့ဆုံတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်မှာ သီပေါနဲ့ လားရှိုးကြားရှိ ကျောက်မီးသွေးထွက်တဲ့ နမ့်မကျေးရွာနဲ့ ဟန်နားစတဲ့ ကျေးရွာတွေမှာ SSPP နဲ့ MNDAA တပ်အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
SSPP နဲ့ MNDAA ဟာ UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။